Thursday, December 13, 2007

လူ့ ရွာမှ မကောင်းဆိုးဝါးတစ်ကောင်။

တပ်ထားတဲ့ လှလှပပလို့ ထင်ရတဲ့ ကော်မျက်မှန်ကို ဆွဲကာချွတ်လိုက်တော့
မျက်မှန်အောက်ကနေ နီနီရဲရဲသွေးကြောတွေဖြာနေတဲ့ ကြောက်မက်ဖွယ် မျက်လုံးကြီးက ထွက်လာတယ်။

သပ်သပ်ယပ်ယပ်ဖီးထားတဲ့ဆံပင်အစွပ်ကို ဆွဲကာချွတ်လိုက်တော့
ဆံပင်ငုတ်တိုငုတ်စနဲ့  ဘောက်တွေ ဒက်တွေ အနာဖုတွေနဲ့ ပြည့်နှက်နေတဲ့ ဦးခေါင်းထိပ်ပဲ့ကြီးက ထွက်လာတယ်။



ချောမွေ့ လှပတဲ့ ဆေးပန်းချီသဖွယ် ခြယ်ထားတဲ့ စက္ကူမျက်နှာဖုံးကို ဆွဲကာချွတ်လိုက်တော့
ရုပ်ဆိုးလွန်းလှတဲ့ ကျောက်ပေါက်မာဗလပွနဲ့  ခပ်ပြဲပြဲ ဖောင်းကား ယောင်ရမ်းနေတဲ့ တစ္ဆေသရဲသဘက်သဖွယ် ပုံပျက်ပန်းပျက် မျက်နှာဆိုးကြီးက ထွက်လာတယ်။

စီစီရီရီ တောက်ပြောင်နေတဲ့ ပုလဲကုံးသဖွယ် သွားညီညာအသွယ်ကို ဆွဲကာချွတ်လိုက်တော့
သွားချေးသလိပ် စားကြွင်းစားကျန် ကပ်ကာညပ်နေတဲ့၊ သွေးစိမ်းသွေးညှီ လိမ်းကာပေနေတဲ့ တုံးတိတိကတစ်မျိုး… ချွန်ချွန်ထက်ထက် သားစားကျူးတဲ့ အစွယ်တစ်စုံကတစ်ဖုံနဲ့  ဟောင်နံစော်နေတဲ့ အာခေါင်ခံတွင်းနံ့ဆိုးက ထွက်လာတယ်။

အသွေးအရောင်စုံလှစွာနဲ့  ၀တ်စားဆင်ယင်ထားတဲ့ ၀တ်စားမှုကို ဆွဲကာချွတ်လိုက်တော့
မသတာရေစာ စားကာဝနေပြီး ဖောင်းတင်းကားနေတဲ့ အဆီတစ်လူးလူးနဲ့  ဗိုက်ပူပူမှာ အသားစားသတ္တ၀ါလို အစားခံအကောင်တို့ ရဲ့ အရိုးးက နံကြားမှာထိုးထွက် အမွေးထူထူဖုံးကာ အသားအရည်မာတောက်တောက်နဲ့  အခေါက်ပြင်းတွဲတွဲ ကိုယ်ခန္ဓာအရွဲက ထွက်လာတယ်။

ကတ္တီပါသားနဲ့ ချုပ်ပြီး နူးညံ့စွာအုပ်ထားတဲ့ ငွေလက်အိပ်နဲ့  ရွှေဖိနပ်ကို ဆွဲကာချွတ်လိုက်တော့
မဲမဲသဲသဲ ဂျီးအရွဲရွဲနဲ့  တွန့် ကာကောက်ကွေး လက်သည်းခြေသည်းခြောက်အထွေးနဲ့  သားကောင်ဇီဝိန်ကြွေ အသက်ချွေတဲ့ အမဲဖျက်လက်နဲ့  အမဲလိုက်ခြေက ထွက်လာတယ်။

ဒင်း - ဘာကောင်လဲ..။ ဒီပုံပေါ်လို့  ဒီလိုယုတ်တဲ့ ဒီအသွင်စုတ်ကို ရှင်းရှင်းလင်းလင်း ကွက်ကွက်ကွင်းကွင်း သိမြင်စေဖို့  သိမြင်လို့ ။

ဒီလို ဘီလူးရုပ်သဏ္ဍန်ကို သရုပ်မှန်ဖေါ်ကာပြဖို့  လူတကာသိဖို့  မြင်ကာကြည့်စို့ ။
ကျွန်တော်တို့ တတွေ ညီညီညာညာနဲ့  ပြည်သာယာဖို့  ဘေးရန်ကင်းဖို့ အရေး
ကိုယ်ကျရာနေရာကနေ မကြောက်မရွံ့ မတွန့် မဆုတ်ကြဘဲ တစ်လက်တစ်အားနဲ့  -

ကဲ - မျက်မှန်ဆွဲချွတ်နိုင်တဲ့သူက ဆွဲချွတ် မျက်လုံးဖောက်နိုင်သူက ဖောက်။

ဆံပင်အစွပ်ကို ဆွဲဖယ်နိုင်သူက ဆွဲဖယ် ၊ ခေါင်းကတုံးကို ရိုက်ခွဲနိုင်သူက ရိုက်ခွဲ။

မျက်နှာဖုံးကို ဆွဲခွာနိုင်သူက ဆွဲခွာ မျက်နှာကို မွှန်းရှနိုင်သူက မွှန်းရှ။

သွားကုံးအတုကို ထုတ်ပြီး ပါးစပ်ဆွဲဖြဲနိုင်သူက ဆွဲဖြဲ၊ ပါးစောင်ဖြဲနိုင်သူက ဖြဲ၊

ဝတ်ဆင်ထားတဲ့ အ၀တ်အစားကို ဆွဲစုတ်နိုင်သူက ဆွဲစုတ်။ ဗိုက်ကိုဖောက်နိုင်သူကဖောက်။

အမဲမုဆိုးရဲ့ လက်ချောင်းလက်ဖျံ ခြေရိုးခြေစွယ်တွေကို လိမ်ချိုးနိုင်သူကချိုး၊ ဖဲ့ပြစ်နိုင်သူက ဖဲ့ပြစ်။

ဒီဘီလူးကို တစ်လက် တစ်ချက်နဲ့  ၀ိုင်းကာနှက်မှ တို့ ပြည်ရွာက ထွက်ကာသွားလိမ့်မယ်။

ဒီလိုမလုပ် ငုတ်တုတ်ထိုင်ကာ ကြည့်နေရင်တော့ တစ်ဖြုတ်ဖြုတ်နဲ့  တို့ အကုန်ပြုတ်လိမ့်မယ်။

လူသားဟန်ဆောင် ရုပ်ပုံအပြောင်နဲ့  လှပဆေးချယ် ၀တ်စားသွယ်သွယ်နဲ့  လက်သည်းကိုဝှက် အစွယ်ကိုဖွက်နဲ့  စကားချိုအေးတိုက်ကာကျွေးပြီး ရွှေပြည်အေးတရား ဟောကြားနေတာများ နားယောင်ကာ အဟုတ်မှတ်နေရင်တော့ ဒီဇာတ်ထုပ်မှာတော့ ဘီလူးက ဘီလူးမို့ လို့ မထူးခြား၊ ထူးခြားတာက လူသား၊ အတွေးအသိမရှိတော့ဘဲ ကောက်ကာဝါးခံရတဲ့ သတ္တ၀ါမခြား ဖြစ်ပါလေတော့သလား။

ဒီဘီလူးကို မြှူဆွယ်ဖြားယောင်း ကျုံးကောင်းကောင်းထဲ သွင်းနိုင်သူကသွင်း၊ ရြေရာလမ်းပြလို့ အဟုတ်မှတ်စေကာ ချောက်ကမ်းပါးထဲ တွန်းချနိုင်သူကတွန်းချ၊ သူသွားရာလမ်း ပိတ်ကာ တာဆီး နှောင့်ယှက်ခရီး လုပ်နိုင်သူကလုပ်၊ အကျွေးအမွေး အဆိပ်ဘေးသင့်အောင် စီမံနိုင်သူက စီမံ၊ မေတ္တာသုတ် ရွတ်ဖတ်ပြီး ရုပ်အမှန်ပေါ်ဖို့  စွမ်းဆောင်နိုင်သူက စွမ်းဆောင်။ လေးမြားလက်နက် အခက်ခက်နဲ့  နှက်နိုင်သူကနှက်၊ အင်အားကြီးသူတွေက ပူးနှောင်ချုပ်သတ်နိုင်သူက ပူးသတ်။ ဒီလိုအမြစ်ဖြတ်မှ အကြွင်းသတ်မှ တို့ ရပ် တို့ ပြည် အေးချမ်းမယ်။

ကဲ ကြည့်ကြစို့ - ဒင်းက ဘီလူးလား တို့ က လူသားလားဆိုတာ။

(သီဖွဲ့ ရေးသားသူ - နစ်နေမန်း)။

 
/* EOT ----------------------------------------- */