Tuesday, December 4, 2007

တက္ကသိုလ်ကျောင်းသူတဦး နအဖ စစ်ဗိုလ်တဦး၏ စော်ကားခြင်းကို ခံရ။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် နာရီကန်ကျေးရွာမှ ကျောင်းပိတ်၍ အိမ်သို့ ပြန်လာသူ တက္ကသိုလ်ကျောင်းသူတဦးမှာ နအဖ စစ်ဗိုလ်တဦး၏ စော်ကားခြင်းကို ခံရသည်သာမက တက္ကသိုလ် ကျောင်းသားဖြစ်သူ သူမ၏မောင်ပါ ရိုက်နက် ဖမ်းဆီးခံရကာ မိဘနှစ်ဦးမှာလည်း ၀တ္တရား နှောင့်ယှက်မှု ဖြင့် တရားစွဲဆို ခံထားရကြောင်း သတင်းရရှိသည်။

လွန်ခဲ့သော တန်ဆောင်မုန်းလပြည့်နေ့က နာရီကန်ကျေးရွာတွင် လူပျိုအပျိုများက မသန်းသန်းမြင့်တို့အိမ်တွင် ထမင်းချက်စားနေစဉ် အဆိုပါ နာရီကန်ကျေးရွာအနီးတွင် အခြေစိုက်သော ဒေသဆိုင်ရာ ကွပ်ကဲမှုဌာနချုပ်မှ အရာရှိငယ် တဦးဖြစ်သူ ဗိုလ်ဇော်မင်းမှ ကိုယ်ရံတော် စစ်သားတဦးနှင့် ရောက်ရှိလာပြီး မသန်းသန်းမြင့်အား “ ညီမလေး ဒါရမလား ဆိုပြီး အထာပြကာ” ခေါ်ယူကြောင်း၊ မသန်းသန်းမြင့်က ဒီလိုလုပ်တာ မကောင်းကြောင်း၊ မိမိမှာ မိကောင်းဖခင်သားသမီးဖြစ်၍ စော်ကားရန် မသင့်ကြောင်းပြန်လည် ပြောကြား ကြောင်း၊ ထိုသို့ ပြန်ပြောခံရသဖြင့် ဒုဗိုလ်ဇော်မင်းက မျက်နာပျက်သွားကာ “ နင်တို့ တရွာလုံး ဒါလုပ်စားနေတာ ငါသိတယ်။ ကြီးကြီးကျယ်ကျယ် လုပ်မနေပါနဲ့” ဟုဆိုကာ ပြောဆိုနေစဉ် မသန်းသန်းမြင့် မောင်ဖြစ်သူ ကိုထွန်းလင်းက ၀င်ရောက်ပြီး ဇော်မင်းအား ပြောဆိုကြောင်း၊ ထိုသို့ ပြောစဉ် “ တပ်မတော် အရာရှိကွ မင်းတို့စော်ကားတိုင်းခံမလား” ဟုဆိုကာ ထွန်းလင်းအား ထိုးကြိတ်ပြီး ကျေးရွာ ကြံ့ဖွတ်ဥက္ကဌအား အသိသက်သေအဖြစ် ခေါ်ယူပြီး “ ၀တ္တရား နှောင်ယှက်တယ်” ဟု ဆိုကာ တပ်ထဲသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု အဆိုပါ လူငယ်က ပြောသည်။

၎င်းင်းအပြင် ဗိုလ်ဇော်မင်းမှ ထွန်းလင်းကို ဖမ်းဆီး ခေါ်ယူသွားစဉ် နာရီကန်ကျေးရွာ ရယက ဥက္ကဌအိမ်သို့ ၀င်ရောက်ပြီးဝတ္တရား နှောင့်ယှက်မှုဖြင့် ဦးတင်ထွန်းနှင့် ဒေန်းနုအား တရားစွဲဆိုရန် ညွန်ကြားခဲ့သည်ဟု ရယက အဖွဲ့ဝင်တဦးက ပြောသည်။

အဆိုပါဖြစ်ပျက်မှုနှင့် ပတ်သက်ပြီး မသန်းသန်းမြင့်မှ ကျေးရွာအမျိုးသမီးရေးရာ သို့ တိုင်ကြားခဲ့သော်လည်း စစ်ဗိုလ်နှင့် ဖြစ်ပွားသော အမှုဖြစ်၍ မိမိတို့မှ တရားစွဲဆိုနိုင်ရန် အခွင့်အရေးမရှိပါ ဟု ပြန်ပြောခဲ့ကြောင်းသိရှိရသည်။

အရပ်သားများအား ၀တ္တရား နှောင့်ယှက်မှု စွပ်စွဲချက် ဖြင့် (၂၄) နာရီ ဖမ်းဆီးထိန်းသိမ်းပြီး သက်ဆိုင်ရာ ရဲဌာနသို့ လွဲပြောင်းပေး အပ်ရမည် ဖြစ်သော်လည်း လွဲပြောင်းပေးအပ်ခြင်း မရှိသည့်အပြင် တပ်ထဲတွင် ကိုထွန်းလင်းအား နှိပ်စက်မှုများ ပြုလုပ်နေသဖြင့် မသန်းသန်းမြင့် အပါအ၀င် မိသားစုတခုလုံးမှာ ကိုထွန်းလင်း လွတ်မြှောက်ရေးအတွက် မည်သို့ လုပ်ဆောင်ရမည်ကို မသိရှိရဘဲ ဖြစ်နေပြီး အထူးစိုးရိမ် သောက ပွားနေကြသည်ဟု အမည်မဖေါ်လိုသူ အရပ်လူကြီး တဦးကပြောသည်။

“ ဒီလို ဖြစ်ရပ်မျိုးတွေက ရခိုင်ပြည်မှာ ရိုးနေပါပြီ။ ရခိုင်ပြည်မှာ စကားပုံတောင် ရှိနေတာဘဲ။” စစ်သားကြိုက် လိုက်သာလိုက်၊ မလိုက်လို့ကတော့ နှင့်ဘကြီးကို ဆွမ်းတော်ကြီး လောင်းလိမ့် မယ် ဆိုတာလေ၊ ဗမာ စစ်သားကြိုက်ရင် လိုက်သာလိုက်သွား။ မလိုက်ရင် မိဘမောင်ဖွား တွေ နာပီသာမှတ်။ အမျိုးမျိုး နှောင့်ယှက်မယ်။ စွပ်စွဲမယ်။ ဖမ်းမယ်ဆီးမယ်။ စီးပွားပျက်အောင် လုပ်မယ်။ တကယ် ဖက်ဆစ်တိုင်းပြည် ဖြစ်နေတာ ကြာပါပြီ။ဟု အဆိုပါ လူကြီးက ပြော သည်။

ကိုထွန်းလင်းမှာ ရန်ကုန် တက္ကသိုလ် ဒဿနိကဗေဒ တတိယနှစ်ကျောင်းသား ဖြစ်ပြီး မသန်းသန်းမြင့်မှာ အင်္ဂလိပ်စာ ပထမနှစ်ကျောင်းသူ ဖြစ်ကြောင်း သိရှိရသည်။

(သတင်း - နိရဉ္စရာ)။

 
/* EOT ----------------------------------------- */