Thursday, January 10, 2008

ငနွားများကခိုင်းသော နွားစွမ်းအင်။

"တိရိစ္ဆာန်စွမ်းအားဖြင့် လျှပ်စစ်ဓာတ်းအား ထုတ်ယူနိုင်ကြောင်း လက်တွေ့ပြ" တဲ့။ ဟားဟား… တော်တော်ရယ်စရာ ကောင်းပါတယ်။ ကိုနစ်နေမန်ဘလော့က ဒီဟာကို ပြန်ဖတ်မိတိုင်း ကျွန်တော် မရယ်ဘဲနဲ့ မနေနိုင်ပါဘူး။ ပထမဆုံးတစ်ခေါက် ဖတ်မိတုန်းကဆို ကျနော်ခွက်ထိုး ခွက်လှန်အောင်ကိုတောင် ရယ်မိပါတယ်။


ကွာ…ဒီခေတ်ကြီး လျှပ်စစ်ဓာတ်အားရဖို့ နေစွမ်းအားတို့၊ နျူးကလီးယားစွမ်းအားတို့ လုပ်နေချိန်မှာ မြန်မာက နွားစွမ်းအားဆိုပြီး အကြီး အကျယ် လုပ်နေတာ တော်တော်ရယ်စရာလည်းကောင်း၊ ရှက်ဖို့လည်းကောင်းပါတယ်။ ဒါတောင် နှစ်ပေဖန်ချောင်းအတွက်တဲ့။ သေလိုက်ပါတော့ဗျာ။ ကမ္ဘာသိ ကြေငြာမောင်းခတ်ပြီး ကိုယ့်ပေါင်ကို ဆယ်ခါပြန် လှန်ထောင်းပြနေတာကတော့ တကယ်ကို စံတင်လောက်တယ်။

မြန်မာတွေခမျာ ရေနံတို့၊ ဓာတ်ငွေ့တို့ကို ကျောခုပြီး အိပ်နိုင်ပေမယ့် ဓာတ်ငွေ့ဆိုတာကိုတောင် ဂျိုပါလား မပါလား မသိကြဘူးလို့ဆိုပြီး သူများတွေက စစ်အစိုးရ ဘယ်လောက် ဖျင်းကြောင်း ပြောထားတာကို တို့ဆရာ့ဆရာကြီးတွေကိုယ်တိုင်က ၀င့်ဝင့်ကြွားကြွား သက်သေထူပြလိုက်သလိုပါပဲ။ သူတို့ခေတ်ကြီးမှပဲ မြင်းကောင်ရေအားလို့ မပြောရဘဲ နွားကောင်ရေအားတို့၊ ကျွဲကောင်ရေအားတို့ လုပ်ရ၊ ပြောရတော့မလိုပဲ။ နွားမပြောနဲ့။ ကျွဲမပြောနဲ့။ အဲဒီနည်းနဲ့ဆို ခွေးတောင်ဖြစ်တယ်။ စိတ်ဝင်စားတယ်ဆိုရင် လူတောင် ၀င်ဆွဲလို့ရသေးတယ်။

စစ်အစိုးရက ဖျင်းဆိုလည်း ဖျင်းလွန်းပါတယ်။ ကြည့်လေ.. တိရိစ္ဆာန်စွမ်းအားကနေ လျှပ်စစ်ရတာကိုများ စာဖွဲ့ပြီး ကြီးကြီးကျယ်ကျယ်လုပ်နေတယ်။ နွားနဲ့ ကြိတ်ဆုံလှည့်ပြီး ဆီထုတ်တာလောက် ဘာဆန်းလို့လဲ။ အကယ်၍ တိရိစ္ဆာန်တွေရဲ့ အာပုပ်ကနေ ဓာတ်ငွေ့ထုတ်၊ အဲဒီဓာတ်ငွေ့ကနေ လျှပ်စစ်ပြောင်း ဆိုရင်တော့ တမျိုးပေါ့။ ထားပါ။ ပုံစံက အစိုးရက ပြည်သူတွေလျှပ်စစ်အလုံလောက် ရရှိရေးအတွက် နည်းအမျိုးမျိုး တီထွင်ကြံဆ ပေးနေတယ်ပေါ့လေ။ ရီချင်လိုက်တာ။ ဖျင်းနေတယ်ဆိုနေမှတော့ ဘာပဲလုပ်လုပ်၊ ဘာပဲပြောပြော ဖျင်းတာကတော့ ဘူးပေါ်သလိုပေါ်နေမှာပဲ။

သူများနိုင်ငံတွေကတော့(ဘယ်ကောင်တွေလဲလို့ မပြောလည်း သိကြပြီးသားပါ) မြန်မာထိကို ခြေဆန့်ပြီး ကိုယ့်နိုင်ငံအတွက်ဆိုပြီး လျှပ်စစ်တွေ၊ ဓာတ်ငွေ့တွေကို ဖားယူထုတ် နေကြတာ။ စစ်အစိုးရကတော့ ကိုယ့်နိုင်ငံထဲကိုဝင်ပြီး ကိုယ့်နိုင်ငံကို ဘာအကျိုးအမြတ်မျှ မဖြစ်ထွန်းစေဘဲ ကြိုက်သလို ခြယ်လှယ် အကောက်ကြံအနိုင်ကျင့်နေတဲ့ ကောင်တွေကို ခေါင်းလေးငုံ့ပြီး သခင့်စေရာ၊ သခင့်လိုရာ လုပ်ပေးနေတာကတော့ ဖျင်းလွန်း၊ တုံးလွန်းပါတယ်။

ထွီး..တိုင်းတစ်ပါး ကျွန်လုပ်နေပြီး ဒါတောင် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးတဲ့။ မျိုးချစ်စိတ်ဓာတ်ဆိုတာ ကိုယ်နိုင်ငံ၊ ကိုယ့်လူမျိုးအတွက် ဦးဆုံးကြည့်ပေးတတ်ရတယ်၊ ကာကွယ်ပေးတတ်ရတယ်၊ မြှင့်တင်ပေးတတ်ရတယ်။ ငါ့လူမျိုးတွေ အဆင်ပြေပြီလား၊ ငါ့လူမျိုးတွေ အစစ အရာရာ ဖူလုံရဲ့လား။ ငါ့လူမျိုးတွေ တိုးတက်နေပြီလား။ ငါ့လူမျိုးတွေ လူမျိုးခြားတွေကြားမှာ မျက်နှာပန်း လှရဲ့လား။ ငါ့လူမျိုး ကမ္ဘာ့အလယ်မှာ လက်မထောင်နိုင်ရဲ့လား ဆိုတာတွေကို ကြည့်ပေးတတ်ရတယ်။

ဒီလောက် သံယာဇာတတွေ၊ လုပ်နိုင်မှုအခြေနေတွေ ပေါများတဲ့ ကိုယ့်နိုင်ငံမှာ ကိုယ့်လူမျိုးတွေ လျှပ်စစ်မီးတောင် လုံလုံလောက်လောက် မလုပ်ပေးနိုင်ဘူးဆိုရင် အမျိုးမစစ်လို့ အမျိုးမချစ်တာလားလို့ မေးချင်စရာပါ။ သန်းရွှေတို့၊ မောင်အေးတို့ဆိုတာ ဂျပန်လက်ကျန်တွေလား၊ အင်္ဂလိပ်လက်ကျန်တွေလား လို့တောင် မေးလိုက်ချင်ပါတယ်။ (ဂျပန်၊ အင်္ဂလိပ်တွေကြားလျှင် အသဲတဆတ်ဆတ်တောင် ဖြစ်နေအုံးမယ်၊ စစ်အစိုးရတွေ ကန်းကုန်အောင် တိရိစ္ဆာန် ဆန်နေကြလို့ပါ)။

ပြောလိုက်သေးတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်မှု မရှိသည့် တိရိစ္ဆာန်စွမ်းအားတဲ့။ လေသံက သဘာဝပတ်ဝန်းကျင်အထိတောင် အလေးထားတယ်ပေါ့။ ကြားရသူတိုင်း မရယ်ချင်တောင် ပြုံးမိမှာ သေချာပါတယ်။ ဘယ့်နှယ်… လူကိုတောင် အရေးမထားတာ။ ကြောင်သူတော်လုပ်ပြီး သဘာဝပတ်ဝန်းကျင်တွေ ဘာတွေဆိုပြီး လျှာရိုးမရှိ လျှောက်ပြောနေသေးတယ်။ သဘာဝပတ်ဝန်းကျင်ကို ဒီလောက်တောင် ရေးစိုက်တယ်ဆိုရင် ဘာလို့ သဘာဝဓာတ်ငွေ့တွေကို ထင်းအစား၊ ၀ါးအစား အစားထိုးနိုင်ဖို့ ပြည်သူတွေအတွက် မစဉ်းစားဘဲ တွေ့သမျှ သဘာဝဓာတ်ငွေ့သိုက်တွေကို ရောင်းစားနေရတာလဲ။

အလကားပါ။ အစိုးရဖျင်းပုံများ…လုပ်မတတ်အောင်ကို ဖျင်း။ ပြောမတတ်အောင်ကိုဖျင်း။ တွေးမတတ်အောင်ကိုဖျင်း။ ဖျင်း...ဖျင်း…ဖျင်းနေတာမှ ကန်းကုန်ပဲ။ ဘာမှ မဆင်ခြင်တတ်တဲ့ အထိတောင် ဖျင်းတာ။ မဆင်ခြင်တတ်တော့လည်း မိုက်တာပဲ။ ဒီအတိုင်းသာ ဆက်မိုက်နေမယ်ဆိုရင် ငယ်ငယ်တုန်းက ရွတ်ခဲ့တဲ့ ကဗျာတစ်ပုဒ်ထဲက ကုဋေကြွယ်သူဌေးသားလေးလို မြန်မာမှာ သံယံဇာတတွေကုန်ခန်းလို့ စစ်အစိုးက "ခွက်လက်ဆွဲကာ တောင်းစားပါလျှင်" တရုတ်၊ ရုရှား၊ ဖော်လံဖားတို့က "နင်သာလူမိုက်၊ ဒုစရိုက်ဟု၊ ရိုက်ပုတ်လိုက်ကြ၊ ရွာမှထွက်လျှင်၊ တောမှသေ" ပြီး "ကောင်သေ လင်းတကျ" မယ့် ဘ၀ရောက်မှာကို သူတို့အတွက်တွေးမိပြီးတော့ ၀မ်းမနည်းပေမယ့် မြန်မာတစ်ယောက်အနေနဲ့ သူတို့အစား အခါတစ်ရာပြန် ကြိုတင် ရှက်နေမိတာတော့ အမှန်ပါပဲ။

(ရေးသားသူ - မောင်သ)။

 
/* EOT ----------------------------------------- */