Tuesday, October 23, 2007

မြန်မာပြည်သား တစ်ဦး၏ ရင်ဖွင့်သံ

ဆုတ်လည်းဆူး စားလည်းရူး နံရံရှေ့ကစစ်ဘီလူး

တစ်စ တစ်စ မိုက်ရိုင်းကြမ်းကြုတ်ရာမှာတော့ ဗိုလ်ချုပ်ကြီးတွေက အတော်လေးပီပြင် သရုပ်ပေါ်လာပါပြီ။ အပေါ်ယံငြင်သာပျော့ပျောင်းတဲ့ ပညာရှိလူမိုက်နည်းတော့ မဟုတ်ခဲ့ပါ။ ခွေးတစ်ကောင် ချောင်ပိတ်ရိုက်ခံနေရလို့ မဲမဲမြင်ရာ သိမ်းကြုံးလိုက်ကိုက်တဲ့နည်းပါ။ ဒီလိုပြောမိတဲ့အချိန်တိုင်းမှာ မိတ်ဆွေတစ်ယောက်က ရင်ထုမနာ ၀င်ပြော တတ်ပါတယ်၊ ခွေးတွေနဲ့တော့ မနှိုင်းလိုက်ပါနဲ့ “ခွေးတွေများ ကြားသွားရင် သူတို့ကိုယ်သူတို့ သတ်သေနေကြအုန်း မယ်” တဲ့၊ တော်တော် သနားစရာကောင်းသော ဗိုလ်ချုပ်ကြီးများ ဖြစ်သွားပါသည်။ သူတို့ဘ၀ခမျာ အနှိုင်းခံစရာ ခွေးက တောင် နာရပါသတဲ့။
ဗိုလ်ချုပ်ကြီးများဘ၀ ဘာများမက်လောက်စရာရှိပါသလဲ

တိုင်းပြည်စည်းစိမ်ဥစ္စာတွေကို ဆွေမျိုးစုလိုက် ခိုးယူစားသုံး နေကြပြီး နောက်ဆုံးပေါ်ခေတ်မီပစ္စည်းတွေနဲ့တော့ ခင်ဗျားတို့ နေနိုင်ကြမှာပါ။ ဒါပေမဲ့ ကျယ်ပြောလှတဲ့ ကမ္ဘာမြေပေါ်မှာ ခင်ဗျားတို့ ခြေလှမ်း ဘယ် လောက်များများ လွတ်လွတ်လပ်လပ် လှမ်းနိုင်ကြလို့လည်း။ ပြည်သူကို ကာကွယ်ပေးနေပါတယ်ဆိုတဲ့ ခင် ဗျားကြီးတို့ ပြည်သူတွေကြားထဲ မှာ လွတ်လပ်ပေါ့ပါးစွာ လျှောက်သွားရဲခဲ့လို့လား။ ခင်ဗျားတို့လမ်းထွက်လာလို့ ဘယ်ပြည်သူကများ အတင်းပွေ့ဖက် ကြိုဆိုဘူးပါသလဲ။ ခင်ဗျားတို့ သိပ်အားကိုး သိပ်ယုံကြည်တဲ့ တရုတ်တို့၊ အာဆီယံနိုင်ငံ တွေတို့ရဲ့ လမ်းမတွေ ပေါ်မှာပါ ခင်ဗျားတို့ လွတ်လွတ်လပ်လပ် လျှောက်သွားရဲလို့လား။ ခင်ဗျားတိုအတွက် ကမ္ဘာမြေဟာ သိပ်ကျဉ်းမြောင်းမနေဘူးလား၊ ခင်ဗျားတို့ဟာ ဆုတ်စရာမြေမရှိဖြစ်နေပါလား။ ထွက်ပြေးရအောင်လည်း ခင်ဗျားတို့နောက်မှာ ပြည်သူဆိုတဲ့ အုတ်တံတိုင်းကြီးက ကာထားပြီးသား၊ လက်လျှော့လိုက်ရအောင်လည်း ခင်ဗျားတို့နေရာ ၀င်လုဖို့စောင့်နေကြတဲ့ မျိုးဆက်သစ် ငရဲသားတွေက ခုတ်ထစ်ပစ်ခတ်ဖို့ စောင်နေကြပြီးသား၊ အဲဒီတော့ ဘာလုပ်စရာကျန်ပါသလဲ၊ ရသလောက် ကို ဆွေမျိုးစုအလိုက် ဆက်ခိုးနေရ၊ မျိုးဆက်သစ်ငရဲသားတွေကို ခြောက်လှန့်ဖို့အတွက် ပြည်သူတွေကို သတ်ပြရ၊ မတောက်တခေါက် သံတမန်ရေးရာနည်းလမ်း၊ ဂျိုကြိုး နားရွက်ပဲ့အင်္ဂလိပ်စကားနဲ့ ကမ္ဘာကို လိမ်ပြရ၊ အဖေခေါ်နေရတဲ့ တရုတ်လိုတိုင်းပြည်မျိုးကို ဗမာပြည်ရဲ့ သယံဇာတနဲ့ ဗမာ့မြေအစိတ်အပိုင်းတွေကို ထိုးကျွေးရနဲ့ ခင်ဗျားတို့ အတော် သနားစရာကောင်းတာပဲ။ ခ င်ဗျားတို့ပါးစပ်ကသာ “ ပြည်သူ့အာဏာကို ပြည်သူတွေကိုသာ အပ်ပါတယ်။ ကျွန်တော်တို့ အသက်နဲ့ ဆွေမျိုးစည်းစိမ်လေးကိုတော့ဖြင့် ပုန်းစရာမြေနဲ့အတူ ပေးသနားကြပါ” လို့ ဘာကြောင့် ပြောမထွက်တာလဲ။ ပြည်သူက သင်ပုန်းချေဖို့ အသင့်ရှိနေပေမဲ့ ခင်ဗျားတို့ချင်း မစည်းလုံးနိုင်ဖြစ်ပြီး ခွေးသေကောင် လင်းတ အဆွဲခံရမှာ ကြောက်နေကြရတာ မဟုတ်လား။ ဗုဒ္ဓဘာသာရဲ့ သီးခြားဖြစ်စဉ်တွေကို မယုံကြည်ဘဲ နေနိုင်ပေမဲ့ ၀ဋ်ကိုတော့ ရှောင်လွှဲလို့ ရမှာမဟုတ်ပါဘူး။ ခင်ဗျားတို့အချင်းချင်း ခွက်စောင်း ခုတ် နေ ကြခြင်းဟာလည်း ၀ဋ်တစ်မျိုးပါပဲ။

ဗိုလ်ချုပ်ကြီးများ ၀ဋ်ခံရခြင်း အကြောင်းအရင်းများ

ခင်ဗျားတို့ နှစ်ကာလကြာရှည်စွာ ၀ဋ်ခံရစေဖို့ ခင်ဗျားတို့ လုပ်ရပ်တွေကို ဆန်းစစ်ကြည့်ကြပါစို့…

ခေတ်အဆက်ဆက်ရှေ့ထွက်ရပ်တဲ့ အမာခံကျောင်းသားလူငယ်တွေကို သွေကွဲစေဖို့ မလိုအပ်တဲ့ ပြည်သူ့ ဘဏ္ဍာဖြုန်းတီးမှုကြီးအဖြစ် မြို့ပြင်၊ မြို့စွန်တွေမှာ တက္ကသိုလ်အသစ်တွေကို သွားတည်ခဲ့ကြတယ်။ ရှိရင်းစွဲ အထင်ကရ တက္ကသိုလ်ကြီးတွေမှာ အတုအယောင် ဆရာအတုတွေနဲ့ ဘွဲ့ကြီးတွေကို ထားခဲ့ကြတယ်။ အရည်အချင်း မရှိဘဲ ရခဲ့ကြတဲ့Master တွေ Ph.D တွေ ပေးနေလိုက်ကြတာ၊ ဒီလိုနဲ့ပဲ ခင်ဗျားတို့ ခေါင်းဆောင်ကြီး သမီး Ph.D ဘွဲ့ရသွား ခဲ့တယ်။ ဆရာကြီးဒေါက်တာ သန်းထွန်းက ပြောသွားခဲ့ဘူး တယ်။ တက္ကသိုလ်မှာ သုတေသနမရှိ၊ ကျမ်းပြုမရှိဘဲနဲ့ ဆရာတွေက နံရံဆေးသုတ်၊ ခြံစည်းရိုးခတ်နဲ့၊ ကျောင်းလုံခြုံရေးတွေသာ ဖြစ်ခဲ့ရတယ်။ Master အတွက်ကျမ်းပြု (copy) လုပ်ရာမှာလည်း အင်္ဂလိပ်စာကို ကိုယ်တိုင်မရေးနိုင်လို့ ပြင်ပစာတတ် ပုဂ္ဂိုလ်ကြီးများထံမှာ ငွေပေးရေးခိုင်းနေရ တာလည်း လူတိုင်း သိကြပါတယ်။ တက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးဆိုသူတွေဟာ ခင်ဗျားတို့ရဲ့ သတင်းပေးသက်သက် လုပ်နေရပြီးကျောင်းတွေမှာလည်း နေသာတဲ့အချိန်မှာသာ ကျောင်းပေါက်ဝထိုင်ပြီး ကျောင်းသာကဒ်ချိတ်မချိတ်၊ အ၀တ်အစားဘယ်လိုဝတ်သလဲ၊ ဆိုတာလောက်လိုက်ကြည့် လူလုံးပြလူရာဝင်နေကြရတာပါ။ ခင်ဗျားတို့ မျိုးဆက် ဟောင်းဗိုလ်ချုပ်တွေဟာ ပညာတတ်ဆိုရင် အသည်းနာနေကြပြီး လူငယ်တွေ ပညာမတတ်၊ ပညာငတ်နေကြရအောင် လုပ်လိုကြခြင်းဟာ ခင်ဗျားတို့ရဲ့ ကျောင်း သားထုကြီးအပေါ် လက်စားချေခြင်းတစ်မျိုးဆိုတာ နားလည်ထားပြီးသားပါ။

ကျောင်းသားတွေက “ဗိုလ်ချုပ်၆တန်း တစောက်ကန်း” လို့ ကြွေးကြော်ခဲ့ကြတော့ ခင်ဗျားတို့ အသဲအဖျား ခတ်ပြီပေါ့။ ဒီလိုနဲ့ ပညာတတ်မျိုးဆက်ကိုသတ်၊ ပညာရင်းမြစ်ကို ဖြတ်တောက်ပစ်ဖို့ ကြိုးစားခဲ့ကြတာ တကယ်ရော အောင်မြင်ခဲ့ပါရဲ့လား။ နိုင်ငံတကာက လှူဒါန်းတဲ့ စာအုပ်စာတန်းတွေကို လေဆိပ်မှာတင်ပဲ တပ်မတော် တက္ကသိုလ်တွေ ကိုပို့ခဲ့ကြတာ ကျောင်းသားတိုင်းအသိပါ။ ခေတ်မီတပ်မတော်ကြီး လို့ကြွေးကြော်ရအောင် တကယ်ရောခေတ်မီနေပါရဲ့ လား။ ပြင်ပစာပေ၊ မီဒီယာတွေနဲ့ မထိတွေ့စေတဲ့ ခင်ဗျားတို့ မျိုးဆက်တပ်မတော်ဟာ ဘယ်လိုများအဆင့်မြင့်ပညာတွေ ကို သင်ကြားတွေးခေါ်နိုင်မဲ့ ဦးနှောက်အကြည်ဓါတ် ရှိရှာမှာလည်း။ ပြင်ပရေဒီယို၊ စာအုပ်စာတမ်းတွေ နားထောင်ခဲ့၊ ဖတ်မိခဲ့ရင် ပင်စင်တောင်မရ တပ်ကနေ ထုတ်ပစ်ခံရတယ်ဆိုတာ ခင်ဗျားတို့ ပြောမပြလည်း သိနေကြပါတယ်။ ခင်ဗျားတို့ အင်အားနဲ့ယှဉ်ရင် လက်တစ်ဆုတ် သာသာ လောက်သာရှိတဲ့ ကေအန်ယူကို နှစ်ပေါင်းများစွာကြာတဲ့အထိ ခင်ဗျားတို့ ဘာကြောင့်အနိုင်မတိုက်နိုင်ပါသလဲ။ ခင်ဗျားတို့မှာ ခေတ်မီ စစ်ပညာ ရပ် အတတ်တွေမရှိဘဲ အင်အားသုံး ဖြိုခွဲ တတ်တာလောက်ပဲ ရှိတာကိုး။ ကေအန်ယူကို နိုင်အောင် မတိုက်နိုင်တဲ့အခါကြတော့ ခင်ဗျားတို့ရဲ့ နည်းရိုးကြီးဖြစ်တဲ့ မျိုးဆက်သုတ်သင်ရေး နည်းလမ်းနဲ့ပဲ အပြစ်မဲ့ ကရင်ပြည်သူတွေကို ချေမှုန်း သုတ်သင်တော့တာပါပဲ။ အောင်မြင် ပါရဲ့လား….။ ဗမာပြည်မြေပုံပေါ်မှာ ကရင်လူမျိုးလည်းပျောက်ပျက်မသွားသလို၊ တခြားမျိုးနွယ် တိုင်းရင်းသားတွေ လည်းပဲ ကျန်နေတုန်းပါ။ ခင်ဗျားတို့ချည်းပဲကျန်လို့ တကယ်ငြိမ်းချမ်းနိုင်ကြမယ်ဆိုရင် ခင်ဗျားတို့လွတ်နိုင်မယ်လို့ ထင်တဲ့ တစ်နေရာမှာပုန်းပြီး ခင်ဗျားတို့အရွယ်မရွေးကြောက်နေရတဲ့ ပြည်သူတွေကို အနုမြူဗုံး ကြဲပြီးသာ သတ်လိုက်ကြပေတော့။ ဒီလိုမှ မရှင်းလင်းနိုင်ခဲ့ရင်တော့ ……။

ယတြာအတတ်စူးလို့ ရူးရတော့မဲ့ ဗိုလ်ချုပ်ကြီးများ

ထစ်ခနဲဆို ယတြာချေတတ်တဲ့ ခင်ဗျားတို့ရဲ့ ယတြာတွေဟာလည်း ခင်ဗျားတို့လည်ပင်းကို စွပ်နေတဲ့ ကြိုးကွင်း ဖြစ်လို့နေပါလား။ စာချိုးတော်တဲ့ဗမာတွေဟာ “ကြက်ဆူဆီထွက်၊ စုကြည်တက်” လို့ ချိုးလိုက်ကြ တော့ ခင်ဗျားတို့ အတွက်တော့ အဖျားသွေးတက်ရပြီပေါ့။ ငွေတွေသောက်သောက်လဲ ကုန်ခဲ့တဲ့ ခင်ဗျားတို့ရဲ့ စီမံကိန်းကြက်ဆူပင်တွေ ဟာလည်း ဖရိုဖရဲဖြစ်လို့ ခွေးအုပ်တွေသာ သေးပန်းရာ ဖြစ်နေပါရော့လား။ အခု လည်း လာပြန်ပြီ “သားသုံးသား” တဲ့။ ခင်ဗျားတို့ဟာ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းရာမှာတော့ တော်တော် အညိုအမည်းစွဲနေလောက်ပါပြီ။ သံဃာလှုပ်ရှားမှုမှာ သံဃာအစစ်က ၂%လောက်ပဲ ရှိပါသတဲ့။ သံဃာပင်လယ်ကြီး စီးဆင်းနေသလားအောက်မေ့ရလောက်အောင် ရန်ကုန်မြို့ လမ်းမတွေပေါ်မှာ နီရဲပြည့် လျှံနေတာ ခင်ဗျားတို့ကလွဲရင် တကမ္ဘာလုံးအမြင်ပါ။ မြေပေါ်မြေအောက် ခင်ဗျားတို့ ကြောက်နေရတာ ဗြဟ္မာမင်းနဲ့ငရဲမင်းပါပဲ။ နေ့လည်ကြောင်တောင် မိုခြိမ်းသံတွေ လူတိုင်းကြားလိုက်ရပါတယ်။ ခင်ဗျား တို့ ကိုယ့်ပေါင်ကိုယ်ထောင်းချက်ကတော့ သံဃာတုတွေ ၀င်ရောက်နှစ်မြှုပ်လှုပ်ရှားကြသတဲ့။ တကယ် ဆိုရင်တောင်ခင်ဗျားတို့ရဲ့ လုံခြုံရေး အစီအမံ ညံ့ဖျင်းပါတယ် လို့ ၀န်ခံပြီးသား ဖြစ်နေရပြီ။ မသေမချင်း ရိုက်သတ်၊ ပစ်ခတ်၊ ဖမ်းဆီး ထောင်ထဲထည့် ပြီးတာတောင်၊ နိုင်ငံအနှံ့ ဘုန်းကြီးကျောင်းတွေမှာ လိုက်လံ ဖမ်းဆီး နေတာတောင် မကုန်နိုင်သေးအောင် များပြားနေပါရော့ လား။ တကယ်ဆိုရင် ခင်ဗျားတို့ဝန်မခံလည်း လူတွေက သိထား သဘောပေါက်ကြပြီးသားပါ။ ကေအန်ယူအင်အား ယုတ်လျှော့သွားအောင် ဗုဒ္ဒဘာသာနဲ့ ခရစ်ယာန် နှစ်ခြမ်းကွဲအောင် လုပ်ခဲ့တာ ခင်ဗျားတို့ရဲ့လက်ချက်၊ ကတုံးစနက်ဆို တာသိပြီးသားပါ။ ခင်ဗျား တို့ကို ယတြာချေပေး၊ လူတွေကို နှစ်လုံး၊ သုံးလုံး ဂဏန်းပေးပြီး Landcruiserစီး၊ without ကား တ၀ီဝီ နဲ့ ကတ္တီပါ သင်္ကန်းရုံနေကြတဲ့ ကတုံးတွေဟာလည်း ခင်ဗျားတို့ အသက်တစ်ရက်ရှည်ဖို့ ဆွဲဆန့်ပေးနေရတဲ့ ပုထုဇဉ် တွေသက်သက်ပါပဲ။

အခုတော့ ယတြာအတတ်စူးလို့ ခင်ဗျားတို့ပါ ပြေးပေါက်မှားရတော့မယ်။ “သားသုံးသား”တဲ့၊သက်သေဖျောက် ဖျက်ပစ်ဘို့ နောက်ဆုံးရှင်းလင်းရမှာက “စစ်သား” တဲ့။ ခင်ဗျားတို့တတွေဟာ စစ်သားတွေ မဟုတ်လို့ ဘာများပါလဲ။ အဓိကကြိုးကိုင် စီမံခဲ့တဲ့ ခင်ဗျားတို့တတွေဟာ အဓိကသက်သေမဟုတ်လို့လား။ မီးကြွင်းမီးကျန်လည်း မချန်နဲ့တဲ့၊ ခင်ဗျားတို့ချင်း နောက်ကျောမလုံဖြစ်နေရတာဟာ မီးကြွင်းမဟုတ်လို့ ဘာများပါလဲ။ စစ်သားလည်းမချန်နဲ့ တဲ့။ မကျန် အောင်လုပ်ရမယ်ဆိုတဲ့အတွက် စစ်သားဖြစ်နေရတဲ့ ခင်ဗျားတို့လည်း ဒီ“ယတြာ” မှာ အကျုံးဝင်သွားရတာပါ။ ပြည်သူကတော့ ငါတို့ကို အသနားခံရင် သက်သာ မဲ့ကိစ္စဟာ အခုတော့သူတို့ချင်း ယတြာအတတ်နဲ့ အသေသတ်ကြတော့မယ်ဆိုပြီး “၀ဋ်လည်ပွဲ” ကြီးကိုစောင့်  ကြည့် နေကြပါပြီ။

သားသမီးကြောင့် လည်ရတဲ့ ၀ဋ်

စာဖတ်သူများအား အောက်ပါစကားလုံးများကို ရေးရတဲ့အတွက် ကန်တော့မိပါရဲ့။ ပြည်သူကြားက ဒေါသ ကြောင့် ပေါက်ဖွားလာတဲ့ ဗိုလ်ချုပ်ကြီးသမီးအတွက် ထောပနာစကားက “စိန်စီသော ဖာသည်မ” တဲ့။ ဗိုလ်ချုပ် ကြီးရေ ခင်ဗျားအတွက် ခင်ဗျားရဲ့ ချစ်သမီးရတနာက သောက်ရှက်ကို ခွဲတော့တာပါဘဲ။ မလှပတဲ့ ခင်ဗျားတို့ မျိုးရိုးရုပ်ကို ဖုံးနိုင်ဖို့ အတွက် စိန်ရတနာတွေနဲ့ ဖုံးအုပ်ခဲ့ပါတယ်။ စိန်ရတနာတွေလည်း မကာ ကွယ်နိုင်ခဲ့တာကတော့ ကြွားချင်လှတဲ့ ခင်ဗျားသမီးရဲ့ ရည်ရွယ်ချက်ကြောင့် ကင်မရာသမား တွေဟာ ကိုယ်လုံးပေါ်အောင် ရိုက်ရတဲ့အခါမှာ ဘယ်လိုမှ ဖုံးလို့မရအောင် စူထွက်နေတဲ့ ခင်ဗျားသမီးရဲ့ “ဗိုက်”အလှပါပဲ။ ဒီဗိုက်ထဲက မယူရသေးခင် ပူထွက်နေတဲ့ကလေးဟာ မချိပြုံး ပြုံးနေတဲ့ သတို့သားရဲ့ ကလေး မဟုတ်ဘူးးဆိုတာကို လူတိုင်း အသိပါ။ ခင်ဗျားရောသိပါလေစ။ ခင်ဗျားတို့ချင်း သုတ်သင်ခဲ့တဲ့ ဗိုလ်ချုပ် တင်ဦးရဲ့ မြေးလေးတဲ့။ ခင်ဗျားသမီး နိုင်ငံခြားရေးရုံးမှာ အတင်းကာရော ညွှန်ကြားရေးမှူး ရာထူးရယူပြီး ပြောင်ပြောင်တင်းတင်း မိန်းမရှိတဲ့ ဗိုလ်ချုပ်တင်ဦးသား နောက် လျှောက်လိုက်နေတယ် ဆိုတဲ့သတင်းကလည်း လူတိုင်းသိနေပြီးကြပြီ။ ခင်ဗျားတို့ရဲ့ ကိုယ့်ပေါင်ကိုလှန်ထောင်းချက်ကတော့ အံ့ပါရဲ့ဗျာ။ ခင်ဗျားတို့ ဖယ်ရှားခဲ့တဲ့ လူတစ်ယောက်ရဲ့ သွေးဟာ ခင်ဗျားတို့ထံရောက်ရှိလာခဲ့ပြီ။ ဒါဟာ ၀ဋ်လည်တာမဟုတ်ဘူး ကွ ကိုယ်ဖြစ်ကိုယ်ခံ လို့သာ ကြုံးအော်လိုက်ကြပါတော့။

အဖေကြီးပေးတဲ့ ၀ဋ်

ခင်ဗျားတို့ တရုတ်ကို အဖေခေါ်ပြီး ခင်ဗျားတို့ အသက်တွေကို ဆွဲဆန့်နေရတာဟာ နောက်ဆုံး ကျတော့လည်း တရုတ်ပြည်ကြီး စီးပွားဖြစ်အောင် ပေးဆပ်ရေးသက်သက်ပါဘဲလား။ ခင်ဗျားတို့ရဲ့ ခေါင်း ကိုင်ဖခင်ကြီး ဗိုလ်ချုပ်ကြီးနေ၀င်း လက်ထက်က တရုတ်စီးပွားရေးတွေကို မတရားသိမ်းပြီး ပြည်သူနဲ့ ရန်တိုက် ပေးခဲ့တဲ့ ၀ဋ်တွေကို ခင်ဗျားတို့ လိုက်ပြီး ခံနေရတာပါ။

Media တိုက်ပွဲအတွင်းမှာ ကြီးအကျယ် ကျရှုံးရတဲ့ ဗိုလ်ချုပ်တွေ

တိုက်ပွဲလို့သာ သုံးနှုန်းရတယ်၊ အခုလို မီဒီယာတိုက်ပွဲမှာ ခင်ဗျားတို့ဟာ ခုခံစရာမရှိ၊ အကာအကွယ်မရှိဘဲ ပြတ်ပြတ်သားသား အရှက်တကွဲ နဲ့ ရှုံးနိမ့်ရတာပါ။ လမ်းပေါ်ထွက်၊ ဘုရားစာဆိုနေတဲ့ သံဃာတွေကိုလည်း ခင် ဗျားတို့ ကြောက်လန့်တကြားဖြစ်ပြီး ပစ်ခတ်ရိုက်နှက် သတ်ပစ်နေတာတွေကို တကမ္ဘာလုံးက မြင်ကုန်ကြပါပြီ။ ခင်ဗျားတို့ရဲ့ ကြောက်ချက်ကတော့ အရွယ်မရွေး၊ ပုဂ္ဂိုလ်မရွေးပါဘဲ။ တိုင်းပြည်ရဲ့အနာဂါတ် အညွန့်တလူလူ ဖြစ်နေတဲ့ ဆယ် ကျော်သက် တွေကိုလည်း ပစ်ခတ်ဖမ်းဆီး ထောင်ဒဏ်နှစ်ရှည်တွေချတယ်။ လမ်းပေါ် စီတန်းလမ်းလျှောက်နေလို့ဆိုပြီး ထောင်ဒဏ် ၇နှစ်ကနေ ၅၂နှစ် အထိအောင် ချပစ်နေတယ် ဆိုတာလည်း တကမ္ဘာလုံးက သိနေကြပါပြီ။

သက်ကြီးရွယ်အိုတွေကိုလည်းကြောက်ပြီး ဖမ်းဆီးချင်တဲ့ သူတို့ရဲ့ သား၊ သမီး၊ မြေး၊ မြစ်တွေကို မမိလို့ရှိရင် ဓါးစာခံအဖြစ် အစားထိုးဖမ်းဆီးမှုတွေကိုလည်း သိကုန်ကြပါပြီ။ ခင်ဗျားတို့ ကတော်တွေက အိမ်မှာ ဖဲရိုက် ရတာ၊ အတင်းတုတ်ရတာ တွေမှာ ပျင်းလာရင် နောက်ထပ် အပျင်းပြေ အိုက်တင်ထုတ်စရာအဖြစ် အမျိုး သမီး အဖွဲ့တွေ ဖွဲ့ပြီး ဟန်ရေးပြခဲ့ကြတယ်။ အခု ဒီအရေးတော်ပုံကြီးမှာ အရွယ်သုံးပါးမရွေးတဲ့ အမျိုးသမီးထုဟာ ရဲဝံ့ စွာ လမ်းမပေါ် ချီတက် ခဲ့ကြတယ်။ ဒါကိုလည်း လက်နက်ကိုင် ထားတဲ့ ခင်ဗျားတို့က အမျိုးသမီးထုကြီးကို ကြောက်ပြီးရိုက်နှက်၊ ဖမ်းဆီး ကြပြန်ပါတယ်။ အဖမ်းခံရတဲ့ မိခင်တွေနဲ့ နို့စို့အရွယ်၊ လူမမယ်အရွယ် ခလေး ငယ်တွေဟာလည်းတကွဲတပြားစီဖြစ်နေ ကြရရှာတယ်။ ဒီကိစ္စတွေကို အကာအကွယ်ပေးဖို့နေနေသာသာ နှုတ်ခမ်း နီဆေးဆိုးမပျက်၊ ပိုး၊ဖဲသား အ၀တ်မပျက်တဲ့ ခင်ဗျားတို့ ကတော်ကြီးတွေက မသိချင်ယောင် ဆောင်နေတာ တကမ္ဘာလုံးက အသိပါ။

ထေရ၀ါဒ အဓွန့်အရှည်ဆုံး၊ အထွန်းကားဆုံးတိုင်းပြည်၊ အလှူရေစက် လက်နဲ့မကွာပါလို့ ကြွေးကြော်နေပြီး ခင်ဗျားတို့ရဲ့ ရက်ရက်ရောရော လှူလိုက်တဲ့ နံပါတ်တုတ်၊ ၀ါးရင်းတုတ် ရိုက်ချက်တွေဗျာ၊ သံဃာတော်တွေမှာ အတုံးအရုံး ဖြစ်၊ သင်းပိုင်ကျွတ်နဲ့ ထွက်ပြေးနေရရှာတဲ့ ကိုယ်တော်ရဲ့ သင်္ဃန်းကိုဆောင့ှ်ဆွဲပြီး ပယ်ပယ်နယ်နယ်လှူနေတဲ့ ခင်ဗျားတို့ ရဲ့ ဒုတ်ဒါနအလှူတွေကို တကမ္ဘာလုံးက အံ့သြထိတ်လန့်၊ တုန်လှုပ်ရအောင်လည်း မြင်ခဲ့ကြရပါပြီ။

ခင်ဗျားတို့ရဲ့ စစ်သား၊ စစ်ဖိနပ်တောင်စီးမထားတဲ့ ငမိုက်သားလေးက ဂျပန်သတင်းထောက်ကို အနီးကပ်ပစ် သတ်ခဲ့တာနဲ့ ပတ်သက်ပြီး နှစ်စဉ် ခင်ဗျားတို့အိတ်ကပ်ထဲ ရောက်သွားနေကြ ဂျပန်နိုင်ငံရဲ့ အကူအညီတွေ ကို ဖြတ်တောက်ပစ်ခဲ့ပါပြီ။ ခင်ဗျားတို့ရဲ့ ဗမာလူမျိုးနဲ့ ဆင်နေလို့ လွဲမှားပစ်ခတ်မိတာပါလို့ ဆိုလိုက် ကြပြန်တော့ ဘာလက် နက်မှမရှိတဲ့ ဗမာပြည်က သံဃာတွေ၊ ပြည်သူတွေကို ဗမာလူမျိုး စစ်သားတွေကပဲ အ သေပစ်သတ်နေတာပါလို့ ၀န်ခံလိုက်ရပြန်ရောပေါ့။

ခုမီဒီယာတိုက်ပွဲမှာ ခင်ဗျားတို့အတွက် အံ့ကြိတ်ခုခံ၊ လိမ်ညာနေရတဲ့ နိုင်ငံပိုင် သတင်းစာ ၃စောင်နဲ့ ရုပ်သံလိုင်း တွေဟာလည်း ဗမာလူမျိုး သန်း၆၀ကျော်အပေါ် ဘာမှမထိရောက်နိုင်တော့သလို၊ ကမ္ဘာနဲ့လည်း ယှဉ်ဖို့ မလိုတော့ ပါဘူး။ ခင်ဗျားတို့ သတင်းစာစောင်ရေဟာ လူဦးရေနဲ့ယှဉ်ရင် ဘယ်နှစ်ရာခိုင်နှုန်း လောက် များလွှမ်းမိုးထားနိုင်လို့လဲ။ ရုပ်သံလိုင်းတွေကတော့ တိုင်းပြည်ငွေဖြုန်းရုံသက်သက်ပါဘဲ။ လူတွေက နှစ်ပေစလောင်း၊ ရှစ်ပေစလောင်း၊ အင်တာနက်တွေအပေါ်မှာသာ အာရုံရှိကြတာပါ။

ခင်ဗျားတို့မရှုမလှ ရှုံးနိမ့်သွားတဲ့ ဒီမီဒီယာရှုံးနိမ့်မှုကြီး ကို ကြည့်ပြီး ပြည်သူတွေဟာ အမျိုးသားရေးစိတ်ဓါတ်ဆို တာကို နားလည်သဘောပေါက်သွားပါပြီ။ ဘယ်သူတစ်ဦး တစ်ယောက်ကမှ တိုက်တွန်းလှုံ့ဆော်စရာမလိုဘဲ ခင်ဗျားတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုမြင်ကွင်းတွေကို ကိုယ်ပိုင်အသိစိတ်ဓါတ်နဲ့ တကမ္ဘာလုံးသိအောင် ပို့ဆောင် ရင်ဖွင့်ဖြန့်ချပြနိုင်ခဲ့ ပါပြီ။

ခင်ဗျားတို့မှာတော့ “ကျွန်တော်ဟာ သတင်းစာ ဆောင်းပါးရှင် ဘယ်သူပါခင်ဗျာလို့” ရုပ်ရှေ့ထွက်မပြရဲတဲ့ lier shadow တွေဆီက ဆောင်းပါးတွေကို သတင်းစာတွေမှာအပြည့်တင်၊ ပြည်သူကမဖတ် မှန်းကလည်းအတတ်သိလေ တော့ ပြည်သူဖတ်တဲ့ ပုဂ္ဂလိက ဂျာနယ်တွေဆီမှာ အတင်းကာရော လိုက်ထည့် နေရပါတယ်။ အခုတော့ တစ်မျက်နှာဓါးပြတိုက်ရုံ နဲ့ မကျေနပ်နိုင်တော့ဘဲ နောက်စာမျက်နှာတစ်ဝက်ပါ ထပ်တောင်းနေကြပြန်ပါပြီ။ အခုခင်ဗျားတို့ လုယက်ထားတဲ့ ဂျာနယ်စာတစ်မျက်နှာဟာ ကြော်ငြာ အဖြစ်အသုံးပြုခွင့်ရလို့ရှိရင် သိန်းဂဏန်းတန်တယ်ဆိုတာ ဂျာနယ်ထုတ်ဝေသူတိုင်း အသိပါ။ ရာချီတဲ့ဂျာနယ်တိုင်း ဆီက ခင်ဗျားတို့ လုယက်ထားတာဟာ ပြည်သူတွေ စီးပွားရေးဒုက္ခရောက်အောင်လုပ်နေ တာ ကျွန်တော်တို့ပါဘဲလို့ ၀န်ခံနေသလိုပါပဲ။

ဝဋ်ကြွေးများမှ လွတ်မြောက်မဲ့အကြောင်း

ဒီဝဋ်သံသရာငရဲက လွတ်စေဘို့ ခင်ဗျားတို့ဟာ အရင်ဆုံး ခင်ဗျားတို့ချင်း စည်းရုံးရေးကို ဖော်ဆောင်ရမယ်။ စည်းရုံးခဲ့ပြီဆိုရင်တော့ ခင်ဗျားတို့လက်တွေမှာ စွန်းထင်းနေတဲ့ သံဃာတော်တွေရဲ့ သွေးတွေကို ရေစက်ချ၊ အမျှပေးဝေ ပြီး သတ္တိရှိရှိနဲ့ ကမ္ဘာသိအောင် တောင်းပန်ပါ။

ခင်ဗျားတို့အဓိကကြောက်ရွံ့နေတဲ့ “ငါတို့ကျရှုံးတဲ့ တနေ့ ပြည်သူတွေလက်မှာ မတွေးရဲဘူး” ဆိုတဲ့ အတွေး ကို အပြင်ကို ထုတ်ခဲ့ပြီး တွေ့ဆုံဆွေးနွေးရေး စားပွဲမှာ ထိုင်ပြီး ပွင့်ပွင့်လင်းလင်းဆွေးနွေးပါ။ ပုန်းခိုစရာ မြေနေရာကို တောင်းဆို ပါ။ ခင်ဗျားတို့ဘက်က ဒီလိုပွင့်လင်းခဲ့ရင် ပြည်သူဟာ မကျက်သေးတဲ့ ဒဏ်ရာတွေ ရှိနေသေးသည့်တိုင် သင်ပုန်းချေပေး နိုင်ပါလိမ့်မယ်။

ဒီလိုမလုပ်ခဲ့ရင်တော့ ခင်ဗျားတို့ စစ်ဖိနပ်အောက်မှာ ကျခဲ့၇တဲ့ ပြည်သူနဲ့ သံဃာတို့ရဲ့ မြင့်မြတ်လှတဲ့ သွေး၊ မျက်ရည် တို့ဟာ ဘယ်တော့မှ မခြောက်ခမ်းဘဲ စေးထန်းစွာနဲ့ ခင်ဗျားတို့ကို ပြန်လည်ဝါးမြိုလာမယ့် သွေး နွံအိုင်ကြီးတွေ ဖြစ်လာရလိမ့်မယ်။ ခင်ဗျားတို့ရဲ့ ဒီတစ်ကြိမ် လုပ်ရပ်ကြောင့် မေ့လွယ်ပျောက်လွယ် တဲ့ ဗမာလူ မျိုးတွေဟာ ရင်နင့်အောင် ကြေကွဲရပြီး ရင်တပြင်လုံးဗြန်းဗြန်းကွဲအောင် ခင်ဗျားတို့ကို မုန်းတီးနေလို့ ဒီသွေးနွံ အိုင်ကြီးက စီးဆင်းနေတဲ့ သွေးတွေထဲ မှာ ခင်ဗျားတို့ကို မုန်းတီးရွံရှာနေတဲ့ မျိုးဆက်တွေ တဆက်ပြီးတဆက် ပေါ်ထွန်းလာဦးမှာဘဲ။ ဒါဟာ ခင်ဗျားတို့အတွက် ဘယ်တော့မှမပြီးဆုံးတဲ့ ၀ဋ်သံသရာဖြစ်ပြီး ခင်ဗျားတို့က ပြည်သူတွေရဲ့ အသွေးထဲအသားထဲအထိ ၀င်ရောက်ရိုက်နှက် ပယ်ဖျက်ပစ်လို့မရတဲ့ ဒီမိုကရေစီ အောင် ပွဲကြီးဖြစ်တယ်။

(ရေးသားတင်ပြသူ - မင်းသစ်တည်)

 
/* EOT ----------------------------------------- */