ငါတို့ စစ်တပ်ဟာ နိုင်ငံသူ၊ နိုင်ငံသားတွေကို ညှင်းဖို့မဟုတ်၊ လက်နက်အားကိုး တန်ခိုးပြဖို့မဟုတ်။ ငါတို့ တွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နှင့် အတု။ ဟုတ်တာနှင့် မဟုတ်တာ ခွဲခြားသိရမယ်။ အမှန်တရားကို ယူတတ်ကြရမယ်။ ဂျပန်ခေတ် ၁၉၄၄ ခု၊ မတ်လ ၁၃ ရက်နေ့အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်း ကျောင်းဆင်းပွဲ၌၊ ဗမာ့တပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး (မြန်မာ့တပ်မတော် ဖခင်ကြီး - ဗိုလ်ချုပ်အောင်ဆန်း ) ပြောကြားသော မိန့်ခွန်းတရပ်မှာ - ဒီတပ်မတော်ဟာ လူတဦးတ ယောက်အ တွက် တည်ထောင်ထားတာမဟုတ်။ တနိုင်ငံလုံး တမျိုးသားလုံး အတွက်ဖြစ်တယ်။ ဒီတပ်မတော်ဟာ တဖွဲ့တ ပါတီလူတစုအတွက် တည်ထောင်တာမဟုတ်။ တနိုင်ငံလုံး တမျိုးသားလုံးအတွက်ဖြစ်တယ်။ တကယ့် သစ္စာ ဖြစ်ရမယ်။ နိုင်ငံနှင့် အမျိုးကိုကာကွယ်စောင့်ရှောက်ဖို့၊ နိုင်ငံနှင့် အမျိုးကို မ,တင်ပေးဘို့ဖြစ်တယ်။ ဒါ ကြောင့် ဒီတပ်မတော်ဟာ နိုင်ငံနှင့် အမျိုး၏ သစ္စာကို အမြဲစောင့်ရမယ်။ တကယ်လို့ ဒီအကြီးအမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် -လူမျိုးရဲ့ အကျိုးနဲ့ နိုင်ငံကို ဆန့်ကျင်တဲ့ အကြီးအမှူးတွေဟာ ကြာကြာမနေနိုင်ပါဘူး။ အချိန် တန်တဲ့အခါ ပြုတ်ကြမှာဘဲ။ ရာဇ၀င်မှာ ကြည့်လို့ရှိရင် ဘယ်လောက်ကြီးတဲ့လူဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ်ကြတာချည်းဘဲ။ ဒီလိုမတရားတဲ့ အကြီးအမှူးတွေရှိရင် ရဲဘော်တို့ အပေါ်မှာလည်း မူတည်တယ်။ ဥပမာ - မတရားတဲ့ အကြီးအမှူးတစ်ယောက်က ၀တ္တရားနှင့် မဆိုင်တဲ့ နိုင်ငံနှင့် အမျိုး အကျိုးရှိမှုနဲ့ မပတ် သက်တဲ့အမိန့်မျိုး ပေးတဲ့အခါ အမိန့်ဟာ နည်းကျမကျ၊ တရားမတရား၊ နိုင်ငံနှင့် အမျိုးမှာ အကျိုးရှိ၊ မရှိ ကြည့် ရမယ်။
--------------------------------------------------------------------------------------------------------------ငါတို့ စစ်တပ်ဟာ နိုင်ငံသူ၊ နိုင်ငံသားတွေကို ညှင်းဖို့မဟုတ်၊ လက်နက်အားကိုး တန်ခိုးပြဖို့မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနဲ့ နားလည်အောင် ပြောပြတာဘဲ။ ဒီစကားကို ကျုပ်ပြောတာဟာ စစ်တပ်ကို ကျုပ်ပြန်နှိမ်ချင်တဲ့သဘောနဲ့ ပြောတာမဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင်လူတွေ ဖြစ်ကြသော်လည်း မတရားမလုပ်။ နိုင်ငံရဲ့ ရန်သူတွေမဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာ အားလုံးသဘောပေါက်အောင် ပြောပြခြင်းပဲ။ နိုင်ငံဟာ အမျိုးဘဲ။ အမျိုးဟာ ဘာလဲ။ အမျိုးဟာ တနိုင်ငံလုံးမှာ ရှိတဲ့ နိုင်ငံရဲ့အကျိုးကို လုပ်ပြီး နိုင်ငံရဲ့ အမှုကို ဘယ်အခါမဆို ထမ်းမယ်ဆိုတဲ့ လူအားလုံးဘဲ။ ငါတို့တွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နှင့် အတု။ ဟုတ်တာနှင့် မဟုတ်တာ ခွဲခြားသိရမယ်။ အမှန်တရားကို ယူတတ်ကြရမယ်။ စစ်သားမှ စစ်သားဆိုတဲ့ စိတ်ကို ဖျောက်ကြ။နောက်ဆုံးတခု မှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓာတ်မထားကြဖို့ဘဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ်၊ ဒီ့ပြင်နိုင်ငံမှာ ဖြစ်ဖြစ်၊ စစ်သားတွေချည်း နိုင်ငံချစ်တဲ့လူ ရှိတာမဟုတ်ဘူး။ တခြားစစ်သား မဟုတ်ပေမဲ့ နိုင်ငံအတွက် အမျိုးမျိုးအနစ်နာခံ၊ အမျိုးမျိုး စွန့်စားလုပ်ကြတဲ့ လူတွေလဲရှိတာဘဲ။ အဲဒါကြောင့် စစ်သားမှ စစ်သားဆိုတဲ့ စိတ်သဘောထားကို ပြောင်းကြရမယ်။ ယနေ့ ဒီမှာ ပြောတာတွေအားလုံး စစ်သားတွေ သိပါစေ။ သိအောင် ပြောပြကြပါ။ အဲဒါ နောက်ဆုံးမှာကြားခြင်းဘဲ။