Tuesday, February 19, 2008

စွမ်းအားရှင်တွေ ရဟန်းသံဃာတို့ ကို ရိုက်နှက်ရမ်းကားနေဆဲ၊ စော်ကားနေဆဲ။


ယနေ့နံနက် ၁၀း၃၀ အချိန်တွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ အနော်ရထာလမ်းမပေါ်ရှိ ၁၅ လမ်းနှင့် ၁၆ လမ်းကြား၊ မျက်နှာစာတန်း၊ မြေညီထပ်တွင် ထမင်းဆိုင်ဖွင့်လှစ်ထားရှိသော ဆိုင်ပိုင်ရှင် စွမ်းအားရှင် မောင်ကျော်ဆိုသူနှင့် ဆိုင်အလုပ်သမားတစ်စုတို့က လမ်းမတော်မြို့နယ်၊ သရက်တောကျောင်းတိုက်ဝင်း အတွင်းရှိ ကျွန်းကလေးကျောင်းမှ ရဟန်းသံဃာတစ်ပါးကို ဆိုင်ရှေ့ ပလက်ဖောင်းပေါ်တွင် ဆဲရေးကြိမ်းမောင်း ၀ိုင်းဝန်းထိုးကြိတ်၍ လဲကျနေသော သံဃာ၏ မျက်နှာကို ခြေထောက်များနှင့် ကန်ကျောက်ပြီး ခွေခြေခုံတစ်လုံးကို ချိုး၍ ရရှိလာသော သစ်သားချောင်းများဖြင့် ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြပါသည်။ ခရီးသွားရင် Bus ကားပေါ်မှ အမြင်မတော်သူ သံဃာတော် (၁) ပါး ဆင်း၍ တားမြစ်သည်ကိုလည်း ထိုသံဃာအားလည်း နောက်မှ ဇက်ပိုးကို ရိုက်နှက်ခဲ့ပါသည်။ ပတ်ဝန်းကျင်မှ လမ်းသွားလမ်းလာ ပြည်သူများ ၀ိုင်းရံလာ၍ တားဆီးကြသောကြောင့် ၎င်းစွမ်းအားရှင် အပေါင်းအပါ တစ်စုမှာ ထမင်းဆိုင်ထဲသို့ ၀င်ပြေးသွားကြောင်း သိရှိရပါသည်။ ရိုက်နှက်ရမ်းကားမှု ဖြစ်ပွားခဲ့ရာသို့ သက်ဆိုင်ရာရဲစခန်း လာရောက်စစ်ဆေးခဲ့သည်ဟု သိရှိရသော်လည်း မည်သို့ ဆက်လက် အရေးယူဆောင်ရွက်မည်ကို မသိရသေးပါ။



အကယ်စင်စစ် ၎င်းပြစ်မှုကျူးလွန်သူတို့အား ပြစ်မှုဥပဒေဖြင့် အရေးယူမည် ဆိုလျှင်တောင်မှ ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံဖြစ်သော မြန်မာနိုင်ငံတွင် ရဟန်းသံဃာ (၁) ပါးကို ရန်ကုန်မြို့လယ်ကောင် လူစည်ကားရာနေရာတွင် အုပ်စုလိုက် ရမ်းကားရိုက်နှက်မှု၊ မသင့်လျော်ပါဘူးဟု ၀င်ရောက်တားမြစ်သော ရဟန်းသံဃာအား ရိုက်နှက်မှုတို့သည် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးတွင် ရမ်းကားခဲ့ကြသော စွမ်းအားရှင် နာဇီလက်သစ်တို့ ခေါင်းထောင်နေဆဲ၊ မင်းမူနေဆဲ သရုပ်သကန်ကို ကွက်ကွက်ကွင်းကွင်း ဖော်ပြလိုက်ခြင်းပင် ဖြစ်ပါသည်။

ဗုဒ္ဓသာသနာ နှစ်ပေါင်း ထောင်နှင့်ချီ၍ တည်တံ့လာခဲ့ပြီဖြစ်သော မြန်မာနိုင်ငံတွင် သာသနာကွယ်တော့မည့် အနေအထားမှာ ထင်ရှားလာနေပြီ ဖြစ်သည်။ ထို့ကြောင့် ဆရာ/ဒကာ ညီညွတ်မှုဖြင့် စက်တင်ဘာ (၁၈) ရက်နေ့မှ အစပြု၍ ပတ္တနိက္ကုဇ္ဇနကံဆောင်ခြင်း အမှုကို သာသနာဖျက် ဓမ္မရန်စွယ်များ ဖြစ်ကြသော စစ်အာဏာရှင် နအဖမှ အစပြု၍ အုပ်ချုပ်ရေး အာဏာပိုင်အဆင့်ဆင့်၊ ကြံ့ဖွတ်၊ အမျိုးသမီးစွမ်းဆောင်ရှင်များ၊ စွမ်းအားရှင် ဆိုသူတို့အား ယနေ့အထိ ဆက်လက်ကံဆာင်ထားဆဲ ဖြစ်ပါသည်။

ဆရာ/ဒကာ ညီညွတ်မှုအားဖြင့်သာ ၎င်းဓမ္မန္တရာယ်များကို တွန်းလှန်နိုင်မည် ဖြစ်သောကြောင့် ဗုဒ္ဓသာသနာ အဓွန့်ရှည်တည်တံ့မှုကို လိုလားကြသော၊ တာဝန်သိကြသော နိုင်ငံတော် မဟာသံဃာ့နာယကအဖွဲ့၊ အဆင့်ဆင့်သော သံဃာ့နာယကအဖွဲ့၊ သံဃာ့အဖွဲ့အစည်းများ၊ ဓမ္မမိတ်ဆွေ သူတော်စင် ပြည်သူပြည်သားအပေါင်းတို့အား ညီညွတ်မှုအားဖြင့် စုပေါင်းတွန်းလှန်ကြပါစို့ဟု လေးစားစွာဖြင့် တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။

 
/* EOT ----------------------------------------- */