Monday, February 18, 2008

ညီမဖြစ်သူကလည်း ပါဝါပြ၊ အကိုဖြစ်သူကလည်း အာဏာပြ။

ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်း၏ အမိန့်ဖြင့် ယနေ့မှစ၍ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်းမ တလျှောက်တွင် လမ်းဘေးဈေးသည်များ ဈေးရောင်းချခွင့်ကို ပိတ်ပင်လိုက်ကြောင်း သတင်းရရှိပါသည်။ ယနေ့နံနက်ပိုင်းတွင် နံပါတ်တုတ်များ ကိုင်ဆောင်ထားသော လုံခြုံရေးအဖွဲ့ဝင်များ၊ ရဲများ၊ စည်ပင်ဝန်ထမ်းများမှ ဈေးသည်များအား လိုက်လံရိုက်နှက်၍ ရှင်းလင်းလျက်ရှိပါသည်။ လမ်းဆုံလမ်းခွများတွင် အဆီးအတားများချထားဖို့ စီစဉ်လျက်ရှိပါသည်။ လသာမြို့နယ် ၁၇ လမ်း၊ ၁၈ လမ်း တ၀ိုက်တွင် ခြေကုပ်ယူ၍ အဓိကထား ရှင်းလင်းလျက်ရှိပါသည်။

မြို့တော်ဝန်၏ ညီမဖြစ်သူမှ ဈေးလာဝယ်ရာ ကားရပ်ရန် နေရာရှာရင်းမှ ဈေးသည်များနှင့် စကားများ၍ အကိုဖြစ်သူအား ဖုန်းဆက် တိုင်တန်းရာ အကိုမှ အရပ်ဝတ်ဖြင့် ရောက်လာပြီး၊ လသာမြို့နယ် အုပ်ချုပ်ရေးမှူးကို ခေါ်ယူ ကြိမ်းမောင်း၍ မနက် (၆) နာရီမှ ညနေ (၆) နာရီအတွင်း လမ်းဘေးဆိုင်များ လုံးဝမထွက်ရဟု အမိန့်ထုတ်ခဲ့ပါသည်။ ယနေ့နံနက်တွင် သူကိုယ်တိုင် လာရောက်စစ်ဆေးမည်ဆို၍ မဟာဗန္ဓုလလမ်းမနှင့် ၁၇ လမ်း၊ တ၀ိုက်တွင် မီးသတ်ကားများဖြင့် ရေဖျန်းပြီး လသာမြို့နယ် အုပ်ချုပ်ရေးမှူးမှ စောင့်နေရပါသည်။ ယခုလို အမိန့်ထုတ်မှုကြောင့် ကျောက်တံတားမြို့နယ်၊ လမ်းမတော်မြို့နယ်များတွင်လည်း လမ်းမများတွင် ဆိုင်များခင်းကျင်း ရောင်းချခွင့် မပြုတော့ပါ။

 
/* EOT ----------------------------------------- */