အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနာကာဘိဝံသ ၏ စစ်တပ်တရားတော်။
(၁၃၁၃ ခုနှစ်၊ ကဆုန်လဆန်း ၁ ရက်၊ ညဉ့် ရ နာရီ)
ရှေးသူတော်ကောင်းများနှင့် စစ်တပ်အကြောင်းကိုပြသော ပဌမအခန်း။
၁။ မိမိဘ၀ကို စဉ်းစားသင့်ကြောင်း၊
လူ့ဘ၀ထဲမှာပင် ယောက်ျားဘ၀ မိန်းမဘ၀ ရဟန်းဘ၀ စစ်သားဘ၀ စသည်ဖြင့် အမျိုးတူ အဖြစ်တူ ဘ၀ငယ်များ ကွဲပြားလျက် ရှိသေးသည်။ ဘယ်သူမဆို - ငါ့ရဲ့ဘ၀ဟာ အောက်တန်းမှာလား၊ အထက်တန်းမှာလား - ဆိုတာကို ပဌမ စဉ်းစားပြီး - ငါထမ်းဆောင်ရမယ့် တာဝန်တွေ ဘာများ ရှိသလဲ - လို့ ဒုတိယ စဉ်းစားရမယ်။ မိမိဘ၀ဟာ အောက်တန်းကျနေသေးလျှင် အထက်တန်းရောက်အောင် ကျိုးစားရမယ်။ အထက်တန်းရောက်ပြီးဖြစ်လျှင်လဲ ထိုအဆင့်အတန်းနှင့် သင့်တော်သော တာဝန်ကို ထမ်းဆောင်နိုင်အောင် ကြိုးစားရလိမ့်မယ်။
ယခုအခါ - ရဲဘော် - လို့ခေါ်နေကြရတဲ့ တပည့်တို့ရဲ့ စစ်ဗိုလ်ဘ၀ စစ်သားဘ၀ဟာ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နေတဲ့ ဘ၀ဖြစ်သောကြောင့် အလွန်အထက်တန်း ရောက်နေတဲ့ ဘ၀ဖြစ်ကြောင်းကို အမှန်အတိုင်းနားလည်စေချင်တယ်။ ရှေးမင်းကောင်း မင်းမြတ်များနှင့် ဘုန်းကြီးတို့ရဲ့ အလောင်းအလျာများလဲ မိမိကိုယ်တိုင် စစ်သားစစ်ဗိုလ်ဘ၀နှင့် ဖြစ်စေ၊ စစ်တပ်ကို အဖော်သဟဲ လုပ်၍ဖြစ်စေ နိုင်ငံတော်အကျိုး သာသနာတော်အကျိုးကို ရွက်ဆောင်ကာ နိဗ္ဗာန်ရောက်ကြောင်း ကောင်းမှု ပါရမီကို ဖြည့်ကျင့်သွားကြတာတွေ တွေ့ရတယ်။
၂။ မဟော်သဓာအကြောင်း၊
ဒီနေရာမှာ အလွန်ထင်ရှားတဲ့ အလောင်းတော် မဟော်သဓာကို စဉ်းစားကြည့်ကြစမ်းပါ။ ၀ိဒေဟ တိုင်းပြည်ကြီးရဲ့ ဗိုလ်ချုပ်ကြီးအဖြစ်နဲ့ တိုင်းပြည်နှင့် တကွ တရာ့တပါးသော မင်းတို့ကိုပင် ကယ်တင်ခဲ့တယ် မဟုတ်လား။ စူဠနီဗြဟ္မဒတ်မင်းက သမီးတော် ပဉ္စာလစန္ဒီနဲ့ ဖြားယောင်းပြီး ၀ိဒေဟတိုင်းပြည်ကို အပိုင်စီးမယ်ကြံတုန်းက ဗိုလ်ချုပ်မဟော်သဓာ ကိုယ်တိုင် ဥမင်လိုဏ်ကိုဖော်ပြီး ပဉ္စာလစန္ဒီကို ၀ိဒေဟရာဇ်မင်းနဲ့ ဂင်္ဂါမြစ်ကမ်းမှာ လက်ထပ်ပေးလိုက်တယ်။
လက်ထပ်ပြီးလို့ လှေတော်ကြီး ထွက်ခါနီးမှာ ၀ိဒေဟရာဇ်မင်းက ကမ်းပေါ်မှာရပ်နေတဲ့ မဟော်သဓာကို - လှေပေါ်တက်ပြီး တခါထဲလိုက်ခဲ့ပါလား - လို့ မိန့်တော်မူတဲ့အခါ မဟော်သဓာက ပြန်၍ သံတော်ဦးတင်တဲ့ စကားဟာ ဗိုလ်လုပ်သူတိုင်း မှတ်စရာကောင်းတယ်။
- စစ်တပ်ရဲ့ ရှေ့ဆောင်လုပ်တဲ့ သားတော်တို့လို ဗိုလ်ချုပ်က ကိုယ့်လက်အောက်ငယ်သား စစ်သည်တော်များကို ရန်သူတို့ အကြားမှာ ပစ်ထားခဲ့၍ ကိုယ်လွတ်ရုန်းသွားတယ် ဆိုတာ ထုံးစံမဟုတ်ပါ။ စစ်သည်တော်အားလုံးကို ရန်သူ့လက်တွင်းမှ လွတ်ကင်းအောင် ဆောင်ကြဉ်းပြီးမှ လိုက်ခဲ့ပါ့မည်။ - လို့  သံတော်ဦးတင်ခဲ့တယ်။
အဲဒီစကား သံတော်ဦး တင်လိုက်တယ်။ ဘယ့်လောက် ဗိုလ်ချုပ်ပီသတဲ့ အလောင်းတော်လဲ ဆိုတာ စဉ်းစားကြတော့။ အဲဒီ အချိန်ဟာ ညဉ့်အခါဖြစ်လေတော့ မနေ့ကမှ ၀ိဒေဟရာဇ်မင်းနှင့် အတူ ပါလာသော တချို့စစ်သားတွေဟာ ခရီးပန်းပြီး အိပ်ပျော်နေကြတယ်။ တချို့လဲ စားကြသောက်ကြနဲ့ ပျော်နေကြတယ်။ ၄-လ လုံးလုံး ဗိုလ်ချုပ်နဲ့အတူ ဥမင်လိုဏ်ဖောက်ရာမှာ ပါတဲ့ ရဲဘော်တချို့လဲ မကျန်းမမာ ဖြစ်နေကြရှာတယ်။ ထိုစစ်သားအားလုံးကို ငဲ့ညှာပြီး ဘယ်သူ့ကိုမှ ပစ်၍ မထားခဲ့နိုင်ပါဘူးလို့ သံတော်ဦးတင်တော်မူတာ ဖြစ်တယ်။ ဘယ်လောက် ဗိုလ်ချုပ်ပီသ သလဲ။
အဲဒီ အလောင်းတော် မဟော်သဓာနဲ့ စပ်ပြီး သင်ခန်းစာ ယူစေလိုတာက - စစ်ရဲ့ ဦးစီးခေါင်းဆောင် လုပ်နေကြတဲ့ ကြီးကြီးငယ်ငယ် စစ်ဗိုလ်များဟာ မိမိရဲ့ လက်အောက်ငယ်သားများကို အမြဲညှာတာရတယ်။ စစ်သားဘ၀ စစ်ဗိုလ်ဘ၀ ဆိုတာ မဟော်သဓာနဲ့ မဟော်သဓာကို ကူညီနေတဲ့ ရဲဘော်များရဲ့ ဘ၀မျိုး ဖြစ်လေတော့ တိုင်းပြည်ကို တကယ်ချစ်တဲ့စိတ်နဲ့ တာဝန်ဆောင်ရမယ့် ဘ၀မျိုးဖြစ်တယ် - ဆိုတာကို သင်ခန်းစာယူစေလိုတယ်။
၃။ ဗိမ္ဗသာရမင်းနှင့် စစ်တပ်အကြောင်း၊
ဘုရားကျောင်းဒကာဖြစ်တဲ့ ရာဇဂြိုလ်ပြည့်ရှင် ဘုရင်ဗိမ္ဗသာရမင်းရဲ့ အကြာင်းကို ကြည့်ကြဦးစို့ - ဗိမ္ဗသာရမင်းတရားဟာ ဘုရားနဲ့ ပဌမဆုံး တွေ့တုန်းကပဲ သောတပန်ဖြစ်တယ်။ အဲဒီ သောတပန် မင်းတရားလဲ တိုင်ပြည်ကို အုပ်ချုပ်တဲ့နေရာမှာ စစ်တပ်ကိုပင် အဖော်သဟဲလုပ်၍ အုပ်ချုပ်တာကိုတွေ့ရတယ်။
အခါတပါးမှာ ရာဇဂြိုလ်ပြည်၏ အစွန်အဖျားမှာ သူပုန်ထတယ်။ အဲဒီအခါမှာ သောတပန်ဘုရင်ကြီးက စစ်တပ်ကိုလွှတ်ရတယ်။ စစ်တပ်လွှတ်တဲ့အခါ အမိန့်ပေးတဲ့ စကားဟာ အလွန်မှတ်သားစရာကောင်းတယ်။ - ဂစ္ဆထ ဘဏေ၊ ပစ္စန္တံ ဥစ္စနထ = အမောင်တို့ သွားချေကြ၊ သူပုန်ထ၍ ပျက်စီးနေတဲ့ အစွန်အဖျား ရွာတွေကို စည်ကားအောင် စောင့်ရှောက်ချေကြ - တဲ့။
ကိုင်း .. သောတပန် ရှင်ဘုရင်ကြီး စကားလုံးသုံးနှုန်းပုံဟာ ဘယ့်လောက်အပြစ်ကင်းသလဲ။ စိတ်ထဲမှာလဲ ရွာတွေ ပျက်စီးနေတော့ လူတွေ အိမ်ခြေရာခြေ မတည်ဖြစ်နေတာကို ကြားရတော့ သနားကရုဏာကို အရင်းခံပြီးတော့ - လူတွေနေနိုင် ထိုင်နိုင်အောင် လယ်ယာများကို လုပ်နိုင်အောင် စောင့်ရှောက်ချေကြ - လို့ အမိန့်ပေးရတာပဲ။ ဒီတော့ သောတပန်ဘုရင်ကြီးမှာ စစ်တပ်ကို အုပ်ချုပ်နေပေမယ့် စိတ်မှာရော နှုတ်မှာရော ဘာအပြစ်မှ မရှိဘူးဆိုတာကို သင်ခန်းစာတရပ်အဖြစ်နဲ့ မှတ်သားစေလိုတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်သားစရာ ရှိသေးတယ်။ အဲဒီအမိန့်ကျလို့ သူပုန်ရှိရာဘက်သို့ စစ်တပ်ကြီးထွက်သွားခါနီးမှာ အတော်ထင်ရှားတဲ့ တချို့စစ်သားကြီးတွေ ဘုန်းကြီးလုပ်သွားကြတယ်။ သူတို့အကြံက ဒီလိုတဲ့ - သူပုန်အနှိမ်သွားတဲ့အခါ ငါတို့ရှုံးရင် အသတ်ခံရမယ်။ ငါတို့နိုင်လျှင် သူတို့ကိုသတ်ခဲ့ရလို့ အကုသိုလ်များမယ်။ ဒီတော့ ၂ - မျိုးလုံး အကျိုးမများဘူး။ ဘုန်းကြီးလုပ်မှပဲ တော်မယ် - လို့ကြံကြသတဲ့။
ဒီအကြောင်းကို စစ်ဗိုလ်ကြီးများက သိ၍ ရှင်ဘုရင့်ထံ သံတော်ဦးတင်တဲ့အခါ ရှင်ဘုရင်က - ဒီလိုအမှုအတွက် ဥပဒေဘယ်လိုရှိသလဲ - လို့ တရားသူကြီးများကိုမေးတယ်။ ရဟန်းပြုတဲ့ ကိစ္စမှာ ၁-နံပါတ် အရေးကြီးသူဟာ ထိုရဟန်းသစ်ကို မိဘသဖွယ် ကြည့်ရှုစောင့်ရှောက်ရမယ့် ဥပဇ္ဈာယ်ဆရာ ဖြစ်တယ်။ ၂-နံပါတ် အရေးကြီးသူဟာ ကမ္မ၀ါစာဖတ်တဲ့ ဆရာဖြစ်တယ်။ ၃-နံပါတ်ကတော့ ရဟန်းကိစ္စမှာ သဘောတူပါဝင်ကြတဲ့ သံဃာများ ဖြစ်ကြတယ်။ ဒါကြောင့် ၁-နံပါတ် ဥပဇ္ဈာယ်ဆရာကို ဦးခေါင်းဖြတ်ထိုက်ပါတယ်။ ၂-နံပါတ် ကမ္မ၀ါစာဖတ်တဲ့ ဆရာကို လျှာထုတ် ပစ်ထိုက်ပါတယ်။ ၃-နံပါတ် သံဃာကို နံရိုးတ၀က်ကျိုးအောင် ချိုးထိုက်ပါတယ်။ အဲဒီလို သံတော်ဦးတင်ကြပါသတဲ့။
သောတပန် ရှင်ဘုရင်ကြီးဟာ သာသနာတော်ကို ထိခိုက်မယ့် ဒီဥပဒေကိုကြားတော့ ဘုရားထံသွား၍ စစ်သားတချို့ ဘုန်းကြီးလုပ်မှုနှင့် တကွ ဥပဒေကိုပါ လျှောက်ထားပြီး နောက်နောင်အခါ သာသနာမကြည်ညိုတဲ့ မင်းများလက်ထက်မှာ အနှောင့်အယှက်တွေ့မှာစိုးလို့ - မင်းမှုထမ်းများကို ရဟန်းပြုခွင့်ပေးတော် မမှုဘို့ရန် - တောင်းပန် လျှောက်ထားရှာတယ်။
အဲဒီလို လျှောက်ထားတဲ့အခါ ဗုဒ္ဓမြတ်စွာကလဲ (ရဟန်းပြုတဲ့ ကိစ္စဟာ ကုသိုလ်ရတဲ့ အလုပ်ပဲ။ ဘာဖြစ်လို့ ရဟန်းပြုခွင့်မပေးဘဲ နေရမှာလဲ} ဟုငြင်းပယ်တော် မမူဘဲ။) - ယနေ့ကစပြီး မင်းမှုထမ်းဟူသမျှကို (ဆိုင်ရာ အရာရှိများ၏ ကျေကျေနပ်နပ် ခွင့်ပြုချက် မရရင်) ရှင်ရဟန်းပြု မပေးရ။ ပြုပေးသော ဆရာမှာ မကောင်းသော အလုပ်ကို လုပ်ရာရောက်သဖြင့် ဒုက္တဋ်အာပတ်သင့်စေ} ဟု သိက္ခာပုဒ် ဥပဒေတရပ်ကို ပညတ်တော်မူလိုက်ရတယ်။
ဒီအကြောင်းနဲ့ စပ်၍ သင်ခန်းစာယူစရာတွေက အများပဲရှိတယ်။ အရေးကြီးတဲ့အခါမှာ စစ်တပ်ကထွက်ပြေးပြီး ဘုန်းကြီးလုပ်ကာ လူပါးဝတာကို ဘယ်သူမှ မကျေနပ်ဘူးဆိုတာ ထင်ရှားတယ်။ သောတာပန် ဘုရင်ကြီးရဲ့ တိုင်းပြည်မှာ - ဥပဇ္ဈာယ်ဆရာကို ဦးခေါင်းဖြတ်ထိုက်တယ် - စသည်ဖြင့် ဥပဒေပြုတဲ့ အမတ်တွေဟာ ဗုဒ္ဓဘာသာဝင် မဟုတ်ကြောင်းလဲ ထင်ရှားတယ်။ ဗုဒ္ဓမြတ်စွာကလဲ သာသနာမှာ ဘေးအန္တရာယ်ဖြစ်ဘွယ် ကိစ္စကို မြင်တော်မူလျှင် (ကုသိုလ်ရမည့် ကိစ္စပင် ဖြစ်သော်လဲ) အစိုးရနှင့် မဆန့်ကျင်တာကို ဗုဒ္ဓမြတ်စွာ လိုလားတော်မူတဲ့ အကြောင်းလဲ ထင်ရှားတယ်။ အဲဒီအကြောင်း အားလုံးကို စုပေါင်းပြီး သင်ခန်းစာတရပ် မှတ်စေလိုတယ်။
၎။ ဓမ္မာသောကမင်းအကြောင်း၊
ဗုဒ္ဓဘာသာဝင် မင်းအများမှာ အထင်အရှားဆုံး ဖြစ်တဲ့ သီရိဓမ္မာသောကမင်းကြီးကို ကြည့်ဦးမလား။ ဘုန်းလက်ရုံးအင်အားဖြင့် ဇမ္ဗူဒိပ်ခေါ်တဲ့ အိန္ဒိယတ၀ှမ်းလုံးကို သိမ်းကျုံးလွှမ်းမိုးပြီး တရားမင်းတရားကြီးအဖြစ်နဲ့ အုပ်စိုးနိုင်ခဲ့တယ်။ အဲဒီအုပ်စိုးတဲ့နေရာမှာ (လက်ညှိုးညွှန်ရာ ရေဖြစ်ရတယ်ဆိုတာမျိုးလို) ဘုန်းတန်ခိုးချည်း မမှတ်ကြနဲ့။ စစ်တပ်ကလဲ စွမ်းရည်သတ္တ္တိနှင့် ဘုရင့်အပေါ်မှာ သစ္စာရှိလို့သာ အုပ်စိုးနိုင်တာ ဖြစ်တယ်။ အဲ့ဒီလို အုပ်စိုးပြီး သာသနာတော်အကျိုးကို ရွက်ဆောင်ပုံကိုတော့ မပြောနှင့်တော့။ အိမ်ရှေ့မင်းအရာကို မှန်းထားတဲ့ သားတော် မဟိန္ဒမင်းသားနှင့် သမီးတော် သံဃမိတ္တာ ကိုပင် သာသနာတော်တွင်းသွင်း၍ ရင်းရင်းနှီးနှီး ချီးမြှောက်တော်မူတယ်။ တိုင်းသူပြည်သားတွေ တရားမျှတအောင် တရားကျောက်စာတိုင်တွေ အနှံ့အပြား စိုက်ထူကာ သာသနာကိုလဲ ကြိုးစားတော်မူခဲ့တယ်။
ယခု မြန်မာနိုင်ငံမှာရှိတဲ့ သာသနာတော်ဟာ ထိုမဟိန္ဒမထေရ်မှ ဆက်သွယ်လာတဲ့ သာသနာတော်ဘဲ။ အကယ်၍ ဓမ္မာသောကမင်းမှာ ဘုန်းတန်ခိုးနှင့် စစ်တပ်အင်အားနည်းပါးခဲ့ပါမူ ယခုအခါ မြန်မာနိုင်ငံ၌ သာသနာရှိကောင်းမှ ရှိမယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ လက်ရှိသာသနာတော်ဟာ ထိုဓမ္မာသောကမင်းရဲ့ စစ်တပ်နှင့် အဆက်အသွယ် မကင်းဘူးဆိုလျှင် မှားမယ်မထင်ဘူး။ ဒါကြောင့် အားလုံးသော စစ်ဗိုလ် စစ်သားတွေမှာ သာသနာကို စောင့်ရှောက်လိုတဲ့စိတ်လဲ အမြဲရှိစေလိုတယ်။
၅။ ဒုဌဂါမဏိမင်းနှင့် သာသနာ၊
သီဟိုဠ်ကျွန်း ဒုဌဂါမဏိအဘယမင်း ကိုကြည့်ကြစမ်းပါ။ သူရဲကောင်းဗိုလ်မှုးတကျိပ်နဲ့အတူ သာသနာပြုလိုသော ဇောဖြင့် ရန်သူများကို သုတ်သင်ခဲ့ရှာတယ်။ ထိုမင်းအတွက်မှာ သာသနာစိတ်နှင့် စစ်စိတ်ကို ခွဲမရအောင်တွဲနေတယ်။ သူစွဲကိုင်သော လှံမှာပင် ဘုရားဓာတ်တော်ကို ဌာပနာထားသတဲ့။ သူ သစ္စာဓိဌာန်လေ့ရှိတဲ့ စကားမှာလဲ - မိမိ ချမ်းသာရေး အတွက်ကြိုးစားနေခြင်းမဟုတ်ပါ။ ဘုရားသာသနာတော်ကို ခိုင်မြဲစွာ တည်စေလိုသောကြောင့်သာ ကြိုးစားခြင်းဖြစ်ပါသည် - ဟု သစ္စာပြုလေ့ရှိပါသည်။
အခါတပါး၌ စစ်တိုက်ထွက်ခါနီးမှာ ကျောင်းတိုက်ကြီးသို့သွား၍ သံဃာတော်များကို ပင့်သွားလိုကြောင်း လျှောက်သတဲ့။ လျှောက်ပုံက - ဘုရားသာသနာတော် ထွန်းပစိမ့်သောငှါ ဂင်္ဂါ တဘက်သို့ သွားရပါမည်။ ရဟန်းတော်များကို ဖူးမြင် နေရခြင်းသည် ဒကာတော်မှာ မင်္ဂလာဖြစ်ပါသည်။ ဘေးရန် အစောင့်အရှောက်လည်း ဖြစ်ပါသည်။ ထို့ကြောင့် မပြတ်ဖူးမြင်၍ အလှုဒါနပြုဘို့ရာ ရဟန်းတော်များကို ပင့်သွားလိုပါသည်။ ဤသို့ လျှောက်သည့်အခါ ဆရာတော်မထေရ်ကြီးများက အရွယ်ကောင်းကောင်း ရဟန်းငါးရာကို ထည့်လိုက်တော် မူကြသတဲ့။
ဒီနေရာမှာ သင်ခန်းစာယူစေလိုတာက - ဘယ်မြို့ဘယ်ရွာမဆို မိမိတို့စစ်တပ် ရောက်နေတဲ့ နေတဲ့ နေရာတိုင်းမှာ ရဟန်းသံဃာများ တွေ့နိုင်ပါတယ်။ ထိုသို့ တွေ့ရာ၌ ရဟန်းတော်များနှင့် သင့်တင့်ညီညွတ်စွာ ဆက်ဆံကြစေလိုတယ်။ အကယ်၍ အနေအထိုင်မှာ မကျေနပ်စရာ တွေ့လျှင်လဲ အခါကောင်းတဲ့တနေ့မှာ သာသနာတော် သန့်ရှင်းစင်ကြယ်အောင် ငါတို့ရွက်ဆောင်မယ် - လို့ အဓိဌာန်ပြုခဲ့ပါ။ ပြီးတော့ မည်သည့်ဘာသာဝင်မဆို ဆိုင်ရာဘာသာဝင်များ၏ အဆောက်အဦများကိုလဲ စွမ်းနိုင်သမျှ လေးစားကြပါ။
ပြီးတော့ ဒုဌဂါမဏိမင်းရဲ့ ဗိုလ်မှုးကြီးတကျိပ်ထဲမှာ အဘယသူရဲကောင်းကြီး ပါတယ်။ စစ်တပ်ကိစ္စအားလုံး ပြီးဆုံး၍ သူရဲကောင်းကြီးတို့အား ရာထူးပေးတဲ့အခါ အဘယသူရဲကောင်းကြီးက ရာထူးမယူဘဲ - ကိလေသာ စစ်ပွဲ၌ ၀င်နွဲဘို့ကိစ္စ ရှိသေးကြောင်း - သံတော်ဦးတင်ကာ ရဟန်းပြု၍ ရဟန္တာဖြစ်တော်မူတယ်။ ဒီနေရာမှာ သင်ခန်းစာယူစေလိုတာက - စစ်ပွဲပေါင်းများစွာကို ၀င်နွှဲခဲ့တဲ့ ဗိုလ်မှုးကြီးတယောက်လဲ ရဟန္တာဖြစ်နိုင်သေးတယ် - ဆိုတာဘဲ။ နောက်၌ပြမယ့် စစ်သားများရဲ့ ကိုယ်ကျင့်အခန်းမှာလဲ ဒီ အဘယဗိုလ်မှုးကြီးကို ပြန်၍ အမှတ်ရစေလိုတယ်။ ကိုင်း ကိုင်း ဒီမျှလောက်နဲ့ပဲ ရှေးသူတော်ကောင်းများနဲ့ စစ်တပ်အကြောင်းကို ရပ်ပြီး - စစ်တပ်နှင့် သာသနာကို နိုင်ငံက လေးစားပုံအကြောင်း - ဆက်ကြဦးစို့။
စစ်တပ်နှင့် သာသနာကို လေးစားပုံပြသော ဒုတိယအခန်း။
ဘုန်းကြီးတို့၊ မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ သာသနာတော်ကို လေးစားသလို စစ်သားများကိုလဲ အလွန်လေးစားကြတယ်။ မြန်မာရာဇ၀င် အစောင်စောင်မှာ အချောင်သမား ရှင်ဘုရင်များထက် မိမိကိုယ်တိုင် တိုက်ဝံ့ခိုက်ဝံ့သော ဗိုလ်ချုပ်ရှင်ဘုရင်များက သာ၍ ထင်ရှားခဲ့တယ်။ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျတို့ လက်ထက်မှာ နိုင်ငံတော် အလွန်ကျယ်ပြန့်ခဲ့တယ်။ အနော်ရထာမင်းဟာ သူကိုယ်တိုင် စစ်ဗိုလ် ဟုတ်-မဟုတ် မသိရသော်လဲ သူ၏လက်အောက်က ကျန်စစ်သားစသော ဗိုလ်ချုပ်ကြီးတွေရှိနေလို့ နိုင်ငံတော်ကို ချဲ့ထွင်နိုင်ခဲ့တယ် မဟုတ်လား။
တပင်ရွှေထီးရဲ့နောင်တော်လို့ ခေါ်ကြတဲ့ ဘုရင့်နောင်မင်းကတော့ သူကိုယ်တိုင် ဗိုလ်ချုပ်ဘဲ။ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျကတော့ အောက်ခြေကစ၍ တိုက်ခိုက်ပြီး တိုးတက်ရတဲ့ တကယ့်ဗိုလ်ချုပ်ကြီးပေါ့။ အဲဒီလို ဗိုလ်ချုပ်ကြီးတွေ ထွန်းကားတဲ့ခေတ်မှာ တိုင်းပြည်ကျယ်ဝန်း လာခဲ့တာပဲ။ အဲဒီ ဗိုလ်ချုပ်ကြီးတွေကို ယခုတိုင်အောင် တိုင်းပြည်က လေးစားနေတာပဲ။ ရှင်ဘုရင် မဟုတ်သော်လဲ တိုင်းပြည်ကိုအဟုတ်ချစ်ပြီး သတ္တိရှိတဲ့ မင်းကြီးရန်နောင်တို့၊ မင်းကြီးဗန္ဓုလတို့ကိုလဲ တိုင်းပြည်က ယခုတိုင် လေးစားလျက် ရှိသေးတယ်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် ပြည့်သူ့အသိ၊
ဟိုရှေးက အကြောင်းတွေကို ထားလိုက်ပါဦး။ မကြာမီက ဗိုလ်ချုပ်အောင်ဆန်းကို လူတွေရိုသေတာ ဘာအရှိန်လဲ။ တိုင်းပြည်ကို အဟုတ်ချစ်၍ ရိုးသားဖြောင့်မတ်သော ဗိုလ်ချုပ်ဆိုတဲ့ နာမည်ရဲ့ အရှိန်ဘဲ။ သူ့ကို တိုင်းပြည်က ဘယ်လိုသိနေသလဲ။ အင်္ဂလိပ်ကို တော်လှန်ဘို့ ဂျပန်ကိုသွားတယ်။ နောက်ဂျပန်တွေကို ခေါ်လာပြီး မတရားဘူးထင်တဲ့ ဂျပန်တွေကို တိုက်ထုတ်ပြန်တယ်။ နောက် အင်္ဂလိပ်တို့ထံမှ လုံးဝလွတ်လပ်ရေးကို တောင်းတယ်။ မရလျှင် ချမယ်လို့လဲ အသံထွက်လာတယ်။ မှန်မှန်ပြောတယ်၊ ကိုယ်ကျင့်ကောင်းတယ်၊ မည်သူ့အပေါ်မှာမဆို ဖြောင့်မတ်တယ်။ နိုင်ငံရေးတွင် နိုင်ငံ့ အကျိုးကိုကြည့်ပြီး မည့်သူ့ကို မဆိုပေါင်းနိုင်တယ်။ ရန်ငြိုးဖွဲ့တတ်တဲ့သဘော မရှိဘူး။ အဲဒီအချက်အားလုံး စုပေါင်း၍ သတ္တိကောင်းတဲ့ ဗိုလ်ချုပ်လို့ တိုင်းပြည်က သိနေကြတယ်။
တိုင်းပြည်က ဗိုလ်ချုပ်တို့လိုလူကိုမှ လေးစားတာ မဟုတ်ပါဘူး။ တိုင်းပြည်ကို အဟုတ်ချစ်ပြီး အချက်ကျကျ ရွက်ဆောင်ပေးလျှင် သာမန်စစ်သားကိုလဲ လေးစားတာဘဲ။ သာသနာနှင့် စစ်တပ်ကို ဘာကြောင့် လေးစားသလဲဆိုတာ ထင်ရှားအောင် တတိယအခန်း ဆင်ကြဦးစို့ရဲ့။
စစ်သားများ၏ ကိုယ်ကျင့်ကိုပြသော တတိယအခန်း။
၁။ ကြောင်းကျိုးဝေဖန်မှု၊
ဗုဒ္ဓမြတ်စွာရဲ့ တရားတော်မှာ ဘယ်နေရာမဆို အကြောင်းနဲ့ အကျိုးကို ဆက်စပ်ဝေဖန်လေ့ရှိတယ်။ ဘာအကြောင်းမရှိဘဲ ဘာမှမဖြစ်ဘူး။ စစ်တပ်နဲ့သာသနာကို နိုင်ငံကလေးစားခြင်းဟာ (အလေးပြုခံရမှု) အကျိုးဖြစ်တယ်။ ဒီတော့ ဘယ်အကြောင်းကြောင့် အလေးပြုခံရသလဲလို့ အကြောင်းကို ရှာရလိမ့်မယ်။ ဒါကြောင့် သာသနာတော် အလေးပြုခံရခြင်း၏ အကြောင်းကို ပဌမ ရှာကြစို့။
အနော်ရထာမင်းလက်ထက်က အရည်းကြီး ဂိုဏ်းသားတွေ မတရားသြဇာပေးနေတာကို မင်းနဲ့တကွ တိုင်းပြည်က ရွံမုန်းနေတုန်းမှာ သထုံပြည်က အရှင်အရဟံ ကြွရောက်လာတယ်။ ထို့နောက် အရှင်အရဟံနှင့် သဘောတူ ရဟန်းတော်များ ဆက်ကာဆက်ကာ ကြွလာကြတယ်။ အဲဒီ ရဟန်းတော်များက အရည်းကြီးဂိုဏ်းသားတွေထက် အနေအထိုင် အကျင့်သိက္ခာ ပြောဟောဆုံးမပုံမှစ၍ သာချင်တိုင်းသာနေလေတော့ မင်းနဲ့တကွ တိုင်းသူပြည်သားက အရည်းကြီးဂိုဏ်းသားတွေကို ဖယ်ရှားပြီး အရှင်အရဟံ စသော ရဟန်းတော်များကို စိတ်ပါလက်ပါ လေးစားလာကြတယ်။ ထို့နောက် ရဟန်းတော်များက ဘုရားတရားတော်မှ လူတို့နှင့် သင့်လျော်ရာကို ထုတ်ဖော်သင်ပြကြသဖြင့် ထိုခေတ်က လူများရဲ့ တိုးတက်လာသော ယဉ်ကျေးမှုတွေဟာ သာသနာတော်မှာ အများအပြား ရခဲ့ကြတယ်။
ထို့နောက် တချို့ရဟန်းတော်များက ကိုယ်ရေးကိုယ်တာကိုသာ ကျင့်တော်မူကြ၍ တချို့ရဟန်းတော်များကမူ ကလေးများကိုပင် ယဉ်ကျေးလိမ္မာမှု (ဂဏန်းသင်္ချာစသော) တတ်သိနားလည်မှုများကိုပါ သင်ပြပေးကြတယ်။ အဲဒီသင်ပြမှုအတွက် မြန်မာဘုရင်အဆက်ဆက်က ဘုရင်နှင့်တကွ မှူးကြီးမတ်ကြီးတွေဟာ ဘုန်းကြီးကျောင်းထွက်ချည်း ဖြစ်ခဲ့ကြတယ်။ အဲဒီလို လောကကြီးပွားကြောင်းကို သင်ပြပေးတဲ့အပြင် နောင်သံသရာအရေးကိုလဲ ယဉ်ကျေးအောင် ဟောပြောဆုံးမလို့ တိုင်းသူပြည်သားတွေ လူတော်လူကောင်း အများအပြားဖြစ်နေကြတယ်။
ဒီတော့ ရဟန်းတော်များ၏ ကိုယ်ကျင့်သိက္ခာကောင်းခြင်း၊ ဒီဘ၀ နောက်ဘ၀ နှစ်ဌာန၌ ကြီးပွားချမ်းသာကြောင်း နည်းလမ်းကို တိုင်းသူပြည်သားအား သင်ပြဟောပြောပေးခြင်းသည် အကြောင်း၊ တိုင်းသူပြည်သား၏ ရိုသေလေးစားမှုကို ခံယူရခြင်းသည် အကျိုး၊ အဲဒီလို အကြောင်းနှင့် အကျိုး ထင်ရှားရောမဟုတ်လား။ ဒီလိုနားလည်လျှင် အကြောင်း ကောင်းသလောက် အကျိုးကောင်းသလို၊ အကြောင်းညံ့ရင်လဲ အကျိုးညံ့မှာဘဲ ဆိုတာ သိရမယ်။
ယခုအခါ သာသနာတော်ကို ရှေးခေတ်ကလို မလေးစားကြတော့ဘူး။ ရိုသေလေးစားမှု အကျိုးကလျော့လာပြီလို့ ဆိုလိုတယ်။ လျော့ရခြင်း၏ အကြောင်းကို စဉ်းစားပြန်တော့ - ယခု ရဟန်းတော်များရဲ့ ကိုယ်ကျင့်သိက္ခာဟာ အမှန်အတိုင်း ၀န်ခံရလျှင် များသောအားဖြင့် ရှေးက ရဟန်းတော်များကို မမှီတော့ဘူး။ ဒီဘ၀ အတွက် အထက်တန်းရောက်အောင် ကြီးပွားရေးကိုလဲ ဘုန်းကြီးကျောင်းက အများအားဖြင့် မပေးနိုင်တော့ဘူး။ အဲဒီလို အကြောင်းညံ့လာသည့်အတွက် ရိုသေလေးစားမှု အကျိုးလဲ ညံ့လာရတော့တာဘဲ။ ဒီတော့ သာသနာတော်မှာ ရိုသေလေးစားမှု အကျိုး တိုးတက်စေလိုလျှင် ယခင်အကြောင်း ၂-မျိုးကိုပင် တိုးလာအောင် ကြိုးစားရလိမ့်မယ်။ ဒီအချက်ကို သာသနာ တိုးတက်စေလိုသော စိတ်ရှိတဲ့ ရဲဘော်တပည့်များ သတိထားခဲ့ကြပါ။
နိုင်ငံက စစ်သည်တော်တပ်သားတွေကို လေးစားခြင်း၏ အကြောင်းကို စဉ်းစားကြစို့။ အနော်ရထာ စသော ရှေးမင်းကောင်းတို့ လက်ထက်ကပင် နိုင်ငံတော် တိုးတက်အောင် လုံခြုံအောင် စစ်တပ်က စောင့်ရှောက်ခဲ့ပုံမှာ ယခုအထိ ထင်ရှားနေတယ်။ ပြီးတော့ - များစွာသော စစ်သားတွေဟာ ဆွေမျိုးဉာတိ သားမယားနဲ့ ခွဲပြီး နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နေရှာကြတယ်။ အနစ်နာခံစရာရှိလျှင် သူတို့ပင် အနစ်နာ ခံရရှာကြတယ်လို့ စဉ်းစားပြီး စစ်သားတွေ အပေါ်မှာ သနားညှာတာကြတယ်။ ဒါ့ကြောင့် စစ်သားဆိုလျှင် တိုင်းပြည်၏ အကျိုးကို အသက်ပေး၍ ထမ်းဆောင်နေကြသည်} ဟုနားလည်နေခြင်းသည် အကြောင်း၊ စစ်သားတို့ကို လေးစားခြင်းသည် အကျိုးဟု အကြောင်းနှင့် အကျိုး ထင်ရှားရော။
တချို့က စစ်သားကို ကြောက်လို့လေးစားတာ ရှိသေးတယ်။ အဲဒီ ကြောက်လို့လေးစားတာကိုတော့ မောင်တို့တတွေ အသားမယူလေနဲ့။ မကောင်းသော လေးစားခြင်းဖြစ်တယ်။ ကိုင်း ကိုင်း - တိုင်းပြည်တာဝန်ကို ထမ်းဆောင်ခြင်းဆိုတဲ့ အကြောင်းကောင်းလို့ လေးစားခံရခြင်း အကျိုးရလျှင် အကြောင်းမကောင်းတဲ့အခါ မလေးစားခြင်း အကျိုးကိုလဲ ရမှာဘဲဆိုတာ အပြန်အလှန် နားလည်ကြ။
ဥပမာ အနေအားဖြင့် ပြောရလျှင် - ကျေးရွာတရွာမှ လုလင်တယောက်ဟာ တိုင်းပြည်တာဝန်ကို ထမ်းဆောင်လို၍ စစ်တပ်ထဲမှာ ထမ်းဆောင်နေတယ် ဆိုကြစို့။ အဲဒီ သူငယ်ကို ထိုရွာနဲ့ တနယ်လုံးက လေးစားကြမယ်။ ထိုသူငယ်ရဲ့ မိဘဆွေမျိုး သားမယားတို့ကိုလဲ လေးစားကြမယ်။ ဘယ်သူကမှ မတရား လုပ်ဝံ့မယ် မဟုတ်ဘူး။ အဲဒီလို စစ်သားတယောက်ရဲ့ ကောင်းသော အရှိန်ဟာ ဆွေမျိုးအားလုံးရဲ့ ခိုကိုးရာ ဖြစ်နိုင်တယ်။ ဒါ့ကြောင့် တိုင်းပြည်က လေးစားမှုဆိုတဲ့ အကျိုးတရား မပျက်ပြားအောင် စစ်သားတိုင်း ရှိသင့်သော ကိုယ်ကျင့်တရား အကြောင်းများကိုလဲ ကြိုးစား၍ ထိန်းသိမ်းကြစေလိုတယ်။
၂။ ကိုယ်ကျင့်ပြုပြင်ရေး၊
ဘုန်းကြီးတို့မြန်မာလူမျိုးများက (သင်္ခါရပဲ ပျက်မှာပေါ့ ) လို့ သုံးစွဲနေကြတယ်။ ဘုန်းကြီးကတော့ (သင်္ခါရပဲ ပြုပြင်လိုက်လျှင် ရတာပေါ့) လို့ (လောကကြီးပွားရေးမှာ) သုံးစွဲစေချင်တယ်။ (အကြောင်းတရားတွေ ပြုထားလို့ ဖြစ်လေသမျှ အကျိုးကို (သင်္ခါရ) လို့ခေါ်တယ်။) ဒီတော့ အကြောင်းကောင်း အပြုအပြင် ကောင်းလေ သင်္ခါရဖြစ်တဲ့ အကျိုးတရား ကောင်းလေပဲ။ ဒါ့ကြောင့် စစ်သားများကို ကျန်းမာရေးနှင့် တကွ ကိုယ်ကျင့်ကောင်းအောင် ပြုပြင်ပေးရမယ်။
ကျန်းမာရေးကို အမြဲလေ့ကျင့်ကြပါ။ ကျန်းမာရေးနှင့် ဆန့်ကျင်တဲ့ အပျော်အပါးအားကြီးမှုကို ရှောင်ကြပါ။ စစ်ယူနီဖောင်းကို ၀တ်လိုက်သည်နှင့် တပြိုင်နက် ငါဟာ အရပ်သား မဟုတ်၊ စစ်သားဘဲ ဆိုတာကို သတိထားလိုက်ပါ။ ယူနီဖောင်းဝတ်ပြီး လမ်းသွားတဲ့အခါ တောင့်တောင့်တင်းတင်း သွားပါ။ ယူနီဖောင်းဝတ်ပြီးတော့ အိမ်ကြိုအိမ်ကြားမှာ လည်မနေပါနှင့်။ ငါ စစ်သားပဲဆိုတဲ့ မာနနှင့် အရပ်သူအရပ်သားကို မစော်ကားပါနှင့်။ ယူနီဖောင်းဝတ် စစ်သားတယောက်မကောင်းလျှင် စစ်သားအားလုံးပင် အကဲ့ရဲ့ ခံရပါလိမ့်မယ်။
ပြီးတော့ - ယူနီဖောင်းဝတ်ထားတဲ့အခါမှာ စကားအပြောကိုလဲ ယဉ်ယဉ်ကျေးကျေး ပြောတတ်ဖို့ အလေ့လုပ်ကြပါ။ စစ်သားဆိုလျှင် နဂိုက ကြောက်နေကြတဲ့ သူတွေကို ထန်ထန်မာမာပြောလျှင် ကြောက်ရာက မကြည့်ချင်အောင် ရွံမုန်းလာမှာ စိုးရပါတယ်။ ချိုချိုသာသာ ပြောလျှင်တော့ မုန်းမယ့်အစား အားကိုးချစ်ခင် လာပါလိမ့်မယ်။ စိတ်ကလဲ ငါဟာ လူအများရဲ့ ကြောက်စရာ ရွံမုန်းစရာ မဖြစ်စေဘဲ အားကိုးစရာ ဖြစ်စေရမယ် လို့ အမြဲသတိထားကာ ဘယ်နေရာမဆို ကယ်ဆယ်ဘို့ကိုသာ ရှေ့ရှုကြပါ။
ပြီးတော့ - တချို့စစ်သားများမှာ မိမိတို့ကို အားကိုးနေတဲ့ မိဘ သားမယားများနဲ့ ဝေးကွာပြီးနေရပါလိမ့်မယ်။ ထိုမိဘ သားမယားများကို ထောက်ပံ့နိုင်အောင်လဲ ချွေတာသုံးစွဲကြပါ။ အထောက်အပံ့ မှန်မှန်ရတဲ့ မိဘများက သားကလေးကို ကျေးဇူးတင်ပြီး ငါ့သားကြီး ဘေးရန်ကင်းကွာ အသက်ရှည်ပါစေလို့ အမြဲဆုတောင်း မေတ္တာပို့သကြပါလိမ့်မယ်။ မိမိရဲ့ ဇနီးနဲ့ သားသမီးကလေးများလဲ မိမိအထောက်အပံ့ကြောင့် မျက်နှာမငယ်ရပဲ စိတ်ချမ်းသာစွာ နေနိုင်ကြပါလိမ့်မယ်။ ဒီလိုမှ အထောက်အပံ့ မပေးနိုင်လျှင် အားလုံးမျက်နှာငယ်ပြီး ဘယ်သူဟာ စစ်ထဲလိုက်သွားလို့ သူ့ရဲ့သားမယားတွေ ငတ်နေပါပကောလို့ ပြောစရာ ဖြစ်ပါလိမ့်မယ်။
၃။ စစ်ဗိုလ်များ၏ နာယကဂုဏ်၊
မည့်သည့်နေရာမှာမဆို အများ၏ ခေါင်းဆောင် ပုဂ္ဂိုလ်ကို (နာယက) လို့ခေါ်တယ်။ စစ်တပ် အစိတ်အပိုင်းကို အုပ်ချုပ်သူက စ၍ ဗိုလ်ချုပ်အထိဟာ လက်အောက်ငယ်သားများရဲ့ နာယက ချည်းဖြစ်ကြတယ်။ ထို နာယကများ၏ ဂုဏ်အင်္ဂါကို ကျမ်းစာတို့ ၌ ၆ - မျိုးပြထားတယ်။
(၁) ခမာ = သည်းခံခြင်း၊
(၂) ဇာဂရိယ = နိုးနိုးကြားကြားရှိခြင်း၊
(၃) ဥဌာန = အသိÓဏ်ပါသော ထကြွလုံ့လ ၀ီရိယရှိခြင်း၊
(၄) သံဝိဘာဂ = ခွဲဝေပေးလေ့ရှိခြင်း၊
(၅) ဒယာ = သနားညှာတာခြင်း၊
(၆) ဣက္ခဏာ = ကြည့်ရှုစောင့်ရှောက်ခြင်း။
(၁) ခမာ၊
ဗိုလ်လုပ်သူတိုင်း ငယ်သားများကို စောစောက တင်ကြို၍ အမှားမရှိရအောင် သတိပေးရမယ်။ သတိပေးထားလျက် မတော်မဆ အမှားတွေ့လျှင် ]မိမိလို အရည်အချင်း မရှိသေး၍ ငယ်သားဖြစ်နေတာပဲ} လို့ သဘောထားပြီး သည်းခံရမယ်။ နောင်မမှားရအောင်လဲ ကြပ်တည်းစွာ သတိပေးရမယ်။
(၂) ဇာဂရိယ၊
ဗိုလ်လုပ်သူဟာ အအိပ်ကြီးလို့ မတော်ဘူး။ နိုးနိုးကြားကြား ရှိစေရမယ်။ ကိုယ်ကတော့ အအိပ်ကြီးပြီး ငယ်သားတွေကိုတော့ မအိပ်မနေ ကြိုးစားစေလျှင် ငယ်သားများက မတရားဘူး ထင်လာမှာပဲ။
(၃) ဥဌာန၊
ဆိုင်ရာကိစ္စ္စ ၌ နားလည်မှုÓဏ်ပညာနှင့် ထထကြွကြွလုံ့လ ၀ီရိယလဲ ရှိစေရမယ်။ှုÓဏ်ပညာမရှိ လုံ့လ ၀ီရိယမရှိတဲ့ ခေါင်းဆောင်ကို ဘယ်ငယ်သားကမှ မလေးစားချင်ဘူး။
(၄) သံဝိဘာဂ၊
အစားအ၀တ်မှစ၍ ငယ်သားများကို ခွဲဝေပေးလေ့ ရှိရမယ်။ ဗိုလ်ကတော့ ခမ်းခမ်းနားနား စားသောက်နေထိုင်ပြီး ငယ်သားတွေက အငတ်ငတ် အပြတ်ပြတ် ဖြစ်နေလျှင် ဘယ်နေရာမှာမှ အဆင်မပြေနိုင်ဘူး။
(၅) ဒယာ၊
ငယ်သားတွေ အပေါ်မှာ အကျိုးလိုလားသော မေတ္တာစိတ်နှင့် သနားညှာတာသော ကရုဏာစိတ် အမြဲရှိဘို့ လိုတယ်။ ခေါင်းဆောင်က မေတ္တာရှိမှန်း သနားညှာတာမှန်းသိမှ ခေါင်းဆောင်ရဲ့ အမိန့်ကို လွယ်လွယ်ကူကူ လိုက်နာနိုင်တယ်။ မသနား မညှာတာဘူးထင်လျှင် အမိန့်ကို နာခံချင်မှာ မဟုတ်ပေဘူး။
(၆) ဣက္ခဏာ၊
ငယ်သားတွေ အပေါ်မှာ မကျန်းမမာတဲ့အခါ ဖြစ်စေ၊ တစုံတခု အခက်အခဲ ကြုံတဲ့အခါ ဖြစ်စေ ကြည့်ရှုစောင့်ရှောက်ဖော် မရလျှင် ခေါင်းဆောင်ကို လေးစားချင်မယ် မဟုတ်ဘူး။ မေတ္တာ ကရုဏာဖြင့် အရာရာကို စောင့်ရှောက်မှန်းသိလျှင် ခေါင်းဆောင်ရဲ့တာဝန်ကို အသက်ပေးပြီး ထမ်းဆောင်ချင်စိတ်ပေါ်လာ ကြပါလိမ့်မယ်။
ဒါ့ကြောင့် ငယ်သားများ၏ ခေါင်းဆောင်ဖြစ်ကြတဲ့ စစ်ဗိုလ်အားလုံး မိမိကိုယ်ကို နာယကဂုဏ် ၆-ပါးနှင့် ပြည့်စုံအောင်သတိထားစေချင်တယ်။
(ပြန်လည်တင်ပြသူ - COHTET ကို အထူးကျေးဇူးတင်ရှါပါတယ်)။
မှတ်ချက်။ ။ ဒီပို့ စ်တင်ပြရတဲ့ရည်ရွယ်ချက်ကတော့ တပ်မတော်သားများအနေနဲ့  သာသနာတော်ကို ကာကွယ်စောင့်ရှောက်စေလိုသော ရည်ရွယ်ချက်ဖြစ်ပါတယ်။ တိုင်းပြည်နဲ့ လူမျိုးကို ညဉ်းပမ်းနှိပ်စက်ခိုင်းနေတဲ့ လက်ရှိဗိုလ်ချူပ်ကြီးတွေရဲ့  လုပ်ရပ်ဟာ အုပ်ချုပ်သူမင်းကောင်းလား မင်းဆိုးလားဆိုတာ အမှန်အတိုင်း နှိုင်းယှဉ်သုံးသပ် သိမြင်စေချင်ပါတယ်။ မိမိတို့ တပ်မတော်သားများအနေနဲ့ လည်း ပြည်သူတွေက ချစ်ခင်လေးစားခံရတဲ့ ပြည်သူ့ တပ်မတော်သားအဖြစ် ခံယူသင့်သလား (သို့ ) ရွံ့ ရှာမုန်းတီးကြောက်ရွံ့ စိတ်နဲ့  ဆက်ဆံခံနေရတဲ့ ပြည်သူ့ ချဉ်ဖတ်စစ်သားဘ၀ကို အရောက်ခံနေကြမလားဆိုတာကို မိမိကိုယ်ကို မိမိ ဝေဖန်ဖို့ လိုအပ်ပါပြီ။ နအဖဗိုလ်ချူပ်ကြီးတွေရဲ့  ခေါင်းဆောင်ကောင်း မပီသတဲ့ မတရားတဲ့အမိန့် တွေနောက်ကိုလိုက်ပြီး သြဇာခံပြီး၊ သာသနာတော်နဲ့  ရဟန်းသံဃာတော်တွေ၊ မိဘပြည်သူတွေကို ပြန်လည် စော်ကားနေရတဲ့ အဖြစ်ကနေ ရုန်းထွက်လွတ်မြောက်အောင်လုပ်ဖို့  လိုနေပါပြီ။ ပြည်သူတွေက စစ်တပ်ကို မုန်းတီးနေကြတာ အဓိကတရားခံဟာ နအဖဗိုလ်ချူပ်ကြီးတွေကြောင့်ပါ။ ဒီတော့ ရှေးအစဉ်အလာကတည်းက ပြည်သူ့ အကျိုးစီးပွားနဲ့  သာသနာတော်ကို ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့ တပ်မတော်ရဲ့  ဂုဏ်အင်္ဂါရပ်ကောင်းတွေကို ပြန်လည်ထိန်းသိမ်းပေးနိုင်ဖို့ ဟာ၊ တပ်မတော်ကို အာဏာရူးနဖအဗိုလ်ချူပ်တွေရဲ့ လက်ထဲကနေ ပြန်လည်ကယ်တင်နိုင်ဖို့ ဟာ အသင်တို့  စစ်သားတစ်ဦးချင်းတိုင်းက ဆောင်ရွက်ပေးဖို့  အရေးတကြီးလိုအပ်နေပါပြီ။ ပြည်သူ့ လှုပ်ရှားမှုအရေးတော်ပုံကြီး ဖြစ်တဲ့အခါမှာ ပြည်သူတွေနဲ့ လက်တွဲပေးကြပါလို့  တိုက်တွန်းအပ်ပါတယ်။ မကြာခင်အချိန်ဟာ ကျွန်တော်တို့ ပြည်သူတွေနဲ့  အသင်တို့  မျိုးချစ်တပ်မတော်သားတွေရဲ့  အရေးကြီးဆုံးအချိန်ကို ရောက်တော့မှာပါ။ ပြည်သူနဲ့  တပ်မတော် အတူလက်တွဲပြီး တိုင်းပြည်ကို မသမာသူ နအဖဗိုလ်ချူပ်များလက်မှ ၀ိုင်းဝန်းကယ်တင်ကြပါစို့ ။