Wednesday, March 19, 2008

ကုလအထွေထွေညီလာခံ ဥက္ကဋ္ဌ မြန်မာ့အရေး သက်ဆိုင်သူတွေအားလုံး ပါဝင်ဖို့ တိုက်တွန်း

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီ
(Mr. Ibrahim Gambari) ရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ အထွေထွေညီလာခံဥက္ကဋ္ဌက မနေ့က ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် မြန်မာနိုင်ငံထဲက အုပ်စုအားလုံးအနေနဲ့ လေးလေးနက်နက်ဆွေးနွေးကြဖို့ တိုက်တွန်းလိုက်တာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီရဲ့ မြန်မာနိုင်ငံကို ဒီလ စောစောပိုင်းက သွားရောက်ခဲ့တဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ နယူးယောက်ခ် ဌာနချုပ်မှာ ကုလသမဂ္ဂ အထွေထွေညီလာခံဥက္ကဋ္ဌ ဆာဂျင်ကာရင်မ် (Srgjan Kerim) က မစ္စတာဂမ်ဘာရီနဲ့ မနေ့က တွေ့ဆုံခဲ့ပြီးနောက် အခုလို ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီကြေညာချက်မှာတော့ မစ္စတာကာရင်မ်က အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီ ရဲ့ အခန်းကဏ္ဍဖြစ်တဲ့ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ဒီမိုကရေစီ ရေးနဲ့ လူ့အခွင့်အရေးကို ဖော်ဆောင်ပေးဖို့ ကုလသမဂ္ဂရဲ့တာဝန်ပေးချက်အရ လုပ်ဆောင်မှုအပေါ် ယုံကြည်မှု အပြည့်အ၀ရှိတဲ့အကြောင်း၊ အထူးအကြံပေးပုဂ္ဂိုလ်အနေနဲ့ သူ့ရဲ့ နောက်ဆုံးခရီးစဉ်အတွင်း နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း ရေးဆွဲ ရေး ကော်မတီနဲ့ ပြည်လုံးကျွတ်လူထုဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်တို့နဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့အတွက် အားတက်မိ တဲ့ အကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် သက္ကရာဇ် ၂၀၁၀ ခုနှစ်မှာ ကျင်းပပေးမယ်လို့ မြန်မာစစ်အစိုးရက ကြေညာထားတဲ့ အထွေ ထွေရွေးကောက်ပွဲကြီးမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်ခွင့် မရနိုင် ဘူးဆိုတဲ့ မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းရဲ့ ရည်ညွှန်ပြောကြားချက်ကြောင့် အထွေ ထွေညီလာခံဥက္ကဋ္ဌက အမျိုး သား ပြန်လည်ရင်ကြားစေ့ရေး ဖော်ဆောင်မှုမှာ အုပ်စုအားလုံး ပါဝင် ခွင့်ရကြပြီး ယုံကြည်ကိုးစားမှုရရှိအောင် လေးလေးနက်နက်ရှိပြီး သန္နိဋ္ဌာန် ခိုင်ခိုင်မာမာနဲ့ ဆွေးနွေး လုပ်ဆောင်ကြဖို့၊ သက္ကရာဇ် ၂၀၁၀ ခု ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲများမှာ မြန်မာ စစ်အစိုးရအနေနဲ့ ကုလသမဂ္ဂရဲ့ လေ့လာ စောင့်ကြည့်ရေး အခန်းကဏ္ဍကို လက်ခံလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း သူ့ရဲ့ကြေညာချက်မှာ တိုက်တွန်း ထားပါတယ်။

မြန်မာစစ်အစိုးရဘက်ကတော့ မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်အတွင်းပဲ ဒီအကြံပေးချက်ကို အတိအလင်းပဲ လက်မ ခံနိုင်ဘူးလို့ ငြင်းဆိုခဲ့ပြီးဖြစ်ပါတယ်။ အခုလို အထွေထွေညီလာခံဥက္ကဋ္ဌရဲ့ တိုက်တွန်းချက်နဲ့ပတ်သက်လို့ ပြည်ပရောက် အန်န်စီဂျီယူဘီ အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ဝင် ဒေါက်တာစန်းအောင်ကတော့ အခုလို တုံ့ပြန်ပါတယ်။

“ကျနော်တို့မြင်တာကတော့ အခု ပြည်သူ့ဆန္ဒခံယူပွဲဆိုတာ နိုင်ငံတကာ အဆင့်အတန်းမီ လွတ်လပ်ပြီး တရား မျှတတဲ့ ပြည်သူ့ဆန္ဒခံယူပွဲ ဖြစ်ဖို့လိုတယ်။ နိုင်ငံတကာ အထူးသဖြင့် ကုလသမဂ္ဂကနေပြီးတော့ ကြီးကြပ် တာ၊ စောင့်ကြည့်တာ မရှိမဖြစ်လိုတယ်လို့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ နအဖရဲ့သမိုင်းကြောင်းကို ကြည့် လိုက်ရင် ရွေးကောက်ပွဲ လုပ်ခဲ့ပေမယ့်လည်း ကိုယ့်ကတိကိုယ်ပြန်ပြီး မလေးစားဘူး။ အခြေခံဥပဒေ ရေးဆွဲ တော့လည်း ကိုယ့်ဘာသာ တဖက်သတ်ရေးဆွဲခဲ့တယ်။ ဒီလိုအခြေအနေမျိုးမှာ နအဖကလုပ်မယ့် ပြည်သူ့ ဆန္ဒ ခံယူပွဲဆိုတာ နိုင်ငံတကာကနေ အသိအမှတ်ပြုဖို့လိုတယ်။ အဲလို အသိအမှတ်ပြုဖို့ဆိုရင် နိုင်ငံတကာရဲ့ ကြီးကြပ်မှုကမရှိမဖြစ်လိုတယ်။ ဒါကြောင့် အထွေထွေညီလာခံဥက္ကဋ္ဌရဲ့ပြောဆိုချက်က အင်မတန် မှန်ကန် တယ်လို့ မြင်တယ်။ ကျနော်တို့ သဘောလည်းတူပါတယ်၊ ထောက်လည်း ထောက်ခံပါတယ်။”

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက မြန်မာနိုင်ငံမှာ ရဟန်းသံဃာတော်တွေ ဦးစီးခဲ့တဲ့ ဆန္ဒပြမှုကြီးအပြီး မြန်မာနိုင်ငံကို တတိယအကြိမ်မြောက် သွားရောက်ခဲ့တဲ့ မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့တော့ ထူးခြားတဲ့အောင်မြင်မှု မရရှိဘူးလို့ မြန်မာ့အရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း (Mr. Ban Ki-moon) ကလည်း မစ္စတာဂမ်ဘာရီရဲ့ နောက်ဆုံး ခရီးစဉ် ဟာ မျှော်လင့်ထားသလောက် တိုးတက်မှုမရရှိခဲ့ဘူးလို့ ဒါကာမြို့မှာ အခုလစောစောပိုင်းက၀န် ခံပြောကြား သွားခဲ့ပါတယ်။

“ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံခွင့်မရခဲ့ပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲရေးကော်မတီနဲ့ တွေ့ ဆုံခွင့်ရခဲ့တာဟာ ထူးခြားချက်ပါပဲ။ တိုးတက်မှုတချို့ ရရှိခဲ့ တယ်လို့ ဆိုနိုင်ပေမယ့် မျှော် လင့် ထားသလောက်တော့ ခရီးစဉ်ဟာ အောင်မြင်မှုမရရှိ ခဲ့ပါဘူး။ ဒီမိုကရေစီဖော်ဆောင်ရာမှာ နိုင်ငံတကာ လူ့ အဖွဲ့အစည်းရဲ့ မျှော်လင့်ချက်တွေနဲ့ ပြည့်မီနိုင်ဖို့ မြန်မာအစိုးရကို ဒီကိစ္စနဲ့ပတ်သက်လို့ ဆက်ဖိ အားပေး သွားမှာဖြစ်တယ်”လို့ မစ္စတာဘန်ကီမွန်းက အခုလစောစောပိုင်းက ပြောကြားခဲ့တာဖြစ်ပါတယ်။

မစ္စတာဂမ်ဘာရီရဲ့ မြန်မာနိုင်ငံခရီးစဉ်တွေအတွင်း အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဖော်ဆောင်မှုမှာ တိုးတက်မှုမရရှိတဲ့အတွက်လည်း မြန်မာနိုင်ငံရေးပြဿနာ အဖြေရှာရာမှာ မစ္စတာဘန်ကီမွန်းကိုယ်တိုင် မြန်မာ နိုင်ငံကိုသွားရောက်သင့်တယ်လို့ မြန်မာ့အရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေက တိုက်တွန်း နေပါ တယ်။

source: http://www.voanews.com/burmese/2008-03-18-un-burma.cfm

 
/* EOT ----------------------------------------- */