Friday, March 14, 2008

အမြွာပူးမို့ ထောက်ခံမဲနဲ့ မကူနိုင်

၁။ ကုန်သွယ်ရင်း သာသနာပြုလို့ လက်နက်အင်အားသာတဲ့အခါ M3 စနစ်နဲ့ တတိုင်းပြည်လုံး သိမ်းပိုက်ခဲ့တာ အင်္ဂလိပ်မင်းများလို့ ဆိုရရင် အိန္ဒိယကို အားကိုး တရုတ်ကို မျိုးစပ် ဇာတ်တူသားစား လက်နက်နဲ့ အာဏာသိမ်းခဲ့တာ ဒီစစ်အုပ်စုတွေပါ။

၂။ ရေနံနဲ့တွင်းထွက် စပါးနဲ့သစ် ပါမကျန် အမြစ်ပါလှန် ပြည်ပထုတ် ဂုတ်သွေးစုတ်လို့ အမြတ်ရှာခဲ့တာ အင်္ဂလိပ်နယ်ချဲ့တွေလို့ သိကြရင် ဓာတ်ငွေ့နဲ့ကျောက်မျက် သစ်ထွက်နဲ့သဲ ပါမချန် ပြည်ပကို အရောင်းသွက် စစ်လက်နက်သာအဓိက ၀ယ်စုခဲ့တာ ဒီစစ်အာဏာရှင် ဆိုတာယုံ

၃။ ချစ်တီးနဲ့ တည့်ပေး လယ်အကြွေးနဲ့ အငတ်ဘေးဆိုက်ခဲ့တာ အင်္ဂလိပ်ခေတ် လယ်သမားတွေပေါ့၊ သမီးပါ, ပါခဲ့ရှာ ကုမ္ပဏီ လက်ဝကွက်အပ် အငတ်ဘေးတင်မက လယ်ပါဆုံး ဘ၀ပျက်ပြုန်း လူညွှန့်ပါတုံးခဲ့ရတာ စစ်အုပ်စုခေတ်လယ်သမားတွေပေါ့။

၎။ ဘုရားပေါ်တက်ဖို့ ဘိနပ်စီး ဇာတ်ကြီးပြခဲ့တဲ့ အင်္ဂလိပ်ကို အာခံ ဆန္ဒပြဆူညံခဲ့တာ အင်္ဂလိပ်ခေတ်က လူထုတွေပေါ့။ ဘုရားရိပ်ကျောင်းရိပ် ခါးကြားမှာ သေနတ်ချိတ် တဆိတ် ဘယ်သူများပြောခွင့်ရခဲ့ကြပါသလဲ ဒီစစ်အာဏာရှင်တစ်စုကိုလေ ..



၅။ အင်္ဂလိပ်ခေတ် ဖက်ဆစ်ခေတ် ဘုန်းကြီးကျောင်း ဘုရားတက်နှိပ်စက်လို့ဖျက်ဆီး ရတက်မီးပွားခဲ့ရသလိုပါဘဲ ဒီစစ်အုပ်စုလက်ထက် ဘုန်းကြီးကျောင်း ချိတ်ပိတ်နှိပ်စက်ရုံမက ထောင်ပါချ, အသေပါပစ်သတ်ခဲ့တာ သက်သေနဲ့တကွပါ။

၆။ ဘိုတဲတွေဆောက် အကောင်းမှစား ဘိလိယက်လေးထိုး အမျိုးမျိုးဇိမ်ခံ အမှန်အကန် စီးပွားဖြစ်ခဲ့တာ မြန်မာ့ငွေနဲ့ အင်္ဂလိပ်တို့ပါ၊ နန်းတော်တွေဆောက် အိမ်တွေဝယ် ပြည်ပကိုထွက် အရက်ကိုမော့ တကိုယ်လုံးလွှမ်းအောင် စိန်တွေစီ ပြည်သူ့ငွေနဲ့ ခပ်တည်တည်သွေးကြီးပြတာ ဒီစစ်အုပ်စုပါ။

၇။ အင်္ဂလိပ်လက်ထက်ပေါ့ မြင်းခွာတချက်ပေါက်လို့ မီးဟုန်းဟုန်းတောက်ခဲ့တာ မမြင်ဘူးလိုက်ပေမဲ့ ဒီစစ်အုပ်စုလက်ထက် သေနတ်ဒင်နဲ့ဆောင့်လို့ သွေးငေါက်တောက်ထွက်ခဲ့တာ မျက်တွေ့ပါဘဲ။

၈။ အင်္ဂလိပ်လက်ထဲမှာပါဘဲ ကိုအောင်ကျော်နဲ့ မန္တလေးအာဇာနည် ၁၇ဦး သွေးစွန်းလို့ အသက်ပျောက်ခဲ့တာ သမိုင်းထင်ရှားခဲ့လို ဒီစစ်အာဏာရှင် အဆက်ဆက် ဘုန်းမော်နဲ့ ရဟန်းရှင်လူ ပြည်သူအများ ရာပေါင်းများစွာ အသက်ပေးခဲ့ရတာ အနီးကလေးရယ်ပါ။

၉။ ၅ညနဲ့ ၅ကျပ် ပုဒ်မတပ် ဆုငွေထုတ် သခင်အောင်ဆန်းကို ဖမ်းချုပ်ကြ ဆိုတာ အင်္ဂလိပ်မင်းတို့ပါ။ ပုဒ်မလဲ မတပ် ဆုငွေလဲမထုတ် အကျယ်ချုပ်နဲ့ ဖယ်ထုတ်ဖို့ အငြိုးခံရတာ အောင်ဆန်းရဲ့သမီးပါ။ ဒီစစ်အုပ်စုတို့ လုပ်ကြတာ။

၁၀။ ပူညံလို့ ပွတ်လောမှ ၉၁ဌာနနဲ့ ဒိုင်အာခီ သွေးခွဲလို့ အုပ်ချုပ်မည့်အကြံနဲ့ အသက်ဆက်ခဲ့တာ အင်္ဂလိပ်တွေဆိုရင် .. ရွှေဝါရောင်သွေးစွန်းမှ ရူးမတတ်အကြံစည် ကမန်းကတန်းနဲ့ တိုင်းပြည်နယ်သာမက ဒေသကြီး၅ခုပါ အပိုထားကိုယ်ပိုင်အုပ်ချုပ်ခွင့်ပါပေးပါမတဲ့ စစ်အာဏာသက်တမ်းရှည်ဖို့ လုပ်ခဲ့ပြီ ...

စာဖတ်သူတို့ရေ ... အတွင်းလူနဲ့ အပြင်လူ၊ သွေးခြားနဲ့ ဇာတ်တူသား၊ ပြည်ပသားနဲ့ ပြည်တွင်းသား၊ အသွင်သဏ္ဍန်ကွာပေမယ့် လက်ရာချင်းက အတူတူ၊ စိတ်ဓာတ်ချင်းက အတူတူ အိုး .. အတူတူမှ အတူတူ .. အသေးစိတ်ကြည့်ရင် ပိုတူမှတော့ ထောက်ခံမဲနဲ့ ဘယ်နည်းနဲ့မှ မကူနိုင်ပါဘူးနော် ... ။ ။

ရေးသားသူ-ကဒေါင်းသစ်

 
/* EOT ----------------------------------------- */